POST TYPE

NEWS

စံချိန်တင်ရွှေဈေးကြောင့် အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်
21-Sep-2018



မန္တလေး၊ စက်တင်ဘာ ၂၀

ရွှေဈေး စံချိန်တင်မြင့်တက်လာသောကြောင့် ရွှေဆိုင်များတွင် အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါး ဖြစ်သွားကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

မန္တလေးမြို့တော်ရှိ ရွှေဆိုင်များ၌ ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူမည့်သူ မရှိသလောက်နည်းပါးခဲ့ကာ ဝယ်ယူထားသော ရွှေထည်များကို ပြန်လည်ရောင်းချကြသူများကိုသာ တွေ့နေရကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးတင်ထွန်းက ပြောသည်။ 

“ဒါကို အရောင်းအဝယ်ဖြစ်နေပါတယ်ဆိုပြီး လုပ်နေကြတာ။ အလကားလျှောက်ပြောတာ”ဟု ၎င်းက ပြောဆိုသည်။ 

ဒေါ်လာကိုင်ထားသူများက ရွှေဈေးတက်သောကြောင့် ဒေါ်လာဈေးတက်ရသည်ဟု ပြောဆိုနေသော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်း မရှိကြောင်း ဦးတင်ထွန်းက ရှင်းပြသည်။ 

စက်တင်ဘာလ ၁၉ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၁၈,၀၀၀ (မန္တလေးဈေး)၊ တစ်ဒေါ်လာ လဲလှယ်နှုန်းမှာ မြန်မာငွေ ၁၅၉၃ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၂၀၃ ဒေါ်လာ ပေါက်ဈေးရှိပြီး စက်တင် ဘာလ ၂၀ ရက်နေ့တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ၁,၀၃၅,၀၀၀ ကျပ် (မန္တလေးဈေး)၊ တစ်ဒေါ်လာ လဲလှယ်နှုန်းမှာ မြန်မာငွေ ၁၆၃၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၂၀၅ ဒေါ်လာ ဈေးရှိကြောင်း အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းထံမှ သိရသည်။ 

ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော် မြင့်တက်သွားသည့်နောက်ပိုင်း ဝယ်လိုအားလျော့ကျလာခဲ့ကာ အရောင်းအဝယ်အေးသွားခဲ့ကြောင်း အောင်သမာဓိရွှေဆိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဇင်မီမီအောင်က ပြောကြားသည်။ 

“ခါတိုင်းဆိုရင် အဝယ်များနေလို့ ဈေးတက်တာ။ ရောင်းနေရလို့ ဈေးကျတာလို့ ပြောနိုင်ပေမယ့် အခုက နိုင်ငံရဲ့ စီးပွားရေးနဲ့ဆိုင်သလို ပြည်တွင်းငွေဈေး ဖောင်းပွနေတော့ အခြားပစ္စည်းတွေ လည်းဈေးတက်နေတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ထိုသို့ရွှေဈေး စံချိန်တင်မြင့်တက်လာကြောင့် ရွှေဆိုင်များအနေနှင့် ပိုင်ဆိုင်မှုမြင့်တက်လာသော်လည်း အခြေခံလူတန်းစားများအတွက်မူ ရွှေဝယ်ယူစုဆောင်းရန် အခွင့်အရေးနည်းသွားမည်ဖြစ်ကြောင်း ဒေါ်ဇင်မီမီအောင်က မှတ်ချက်ပြုသည်။

ဒေါ်လာဈေးနှင့်ရွှေဈေး ချိတ်ဆက်နေသည့်အတွက် ရွှေဈေးနှုန်းများ ဆက်တက်ရန် အလားအလာရှိနေကြောင်း၊ ယခင်က ရွှေဈေး အဆမတန်မြင့် တက်လာသည်နှင့် ဒေါ်လာဈေးကို အစိုးရက ကန့်သတ်ထိန်းချုပ်မှုများရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။ 

M-08