News

POST TYPE

NEWS

နန်းယွန်း ဆယ်တန်းစာမေးပွဲလျှောက်လွှာကြေး ကွာဟမှုကို ဆိုင်းဘုတ်ထောင် ဆန္ဒပြ
21-Sep-2018



ကလေး၊ စက်တင်ဘာ ၂၀

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ယခုနှစ်ဆယ်တန်း စာမေးပွဲဖြေခွင့်လျှောက်လွှာကြေး ပြင်ပဖြေ ကျောင်းသားနှင့် ကျောင်းတွင်းဖြေ ကျောင်းသား ဈေးနှုန်းမတူဘဲ တောင်းယူမှုအပေါ် မြို့တွင်းနေရာအနှံ့တွင် ဆိုင်းဘုတ်ထောင်၍ ဆန္ဒပြထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

သို့သော် မည်သူက ထိုသို့ဆိုင်းဘုတ် ထောင်သည်ကိုမူ မသိရှိရပေ။

မြို့တွင်းနေရာအနှံ့ ဆိုင်းဘုတ်ထောင်ထားခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံးရှေ့အပါအဝင် မြို့တွင်းလမ်းဆုံလမ်းခွ နေရာများတွင်ပါ ဆိုင်းဘုတ်ထောင်ထားခြင်းလည်းဖြစ်သည်။ 

ကျောင်းတွင်းနှင့် ပြင်ပဖြေများ၏ ဖောင်ကြေးမျှတမှုမရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘပြည်သူများက တိကျမှန်ကန်အောင်ဆောင်ရွက်ပေးရန် ဆန္ဒပြုပါသည်ဟုရေးပြီး အစိုးရ၏ဖောင်ကြေး အတိအကျ ၉၀၀ ကျပ်၊ ကျောင်းတွင်း ဖောင်ကြေး ၉၀၀ကျပ်၊ ပြင်ပဖောင်ကြေး တစ်သောင်းကျပ် (၁၀၀၀၀)၊ ကွာခြားမှု ၉၁၀၀ ကျပ်ဟုရေးကာ ဆိုင်းဘုတ်များ ထောင်ထားခြင်းဖြစ်သည်။ 

“ကျွန်တော်ရောက်တာ တစ်လလောက်ပဲရှိပါသေးတယ်။ စာမေးပွဲဘယ်လို လုပ်ကြသလဲမေးတဲ့အခါ ဒီကဆရာတွေက ဖောင်အတွက် ခရီးသွားရတာ အကြိမ်ကြိမ်ဆိုတော့ သွားရတဲ့သူတွေခရီးစရိတ် အဆင်ပြေအောင် တစ်သောင်းကောက်တယ်။ အဲဒီတော့ ကျွန်တော်က အတွင်းဖြေတွေကိုတော့ မကောက်ပါနဲ့ဆိုပြီးပြောထားတယ်။ အခုတော့ အပြင်ဖြေဆီက ဖောင်ကြေးတောင်းထားတဲ့ ငွေတွေလည်း ဒီနေ့မနက်မှာပဲ ပြန်ပေးလိုက်ပါပြီ”ဟု မြို့နယ်ပညာရေးမှူး ဦးသန်းထူးက ပြောဆိုသည်။ 

နန်းယွန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုမှ ယခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲအတွင်းဖြေအဖြစ် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၇၁ ဦးရှိပြီးအပြင်ဖြေများကို နန်းယွန်း မြို့နယ်ပညာရေးမှူးရုံးတွင် လွန်ခဲ့သည့်ရက်ပိုင်းမှ စတင်ဖောင်များထုတ်ပေးနေခြင်းဖြစ်ကြောင်း နန်းယွန်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

R-20