News

POST TYPE

NEWS

ကရင့်အာဇာနည်နေ့ကျင်းပမှု တရားစွဲမည့်စာရင်းတွင် ဖဒိုမန်းငြိမ်းမောင် မပါဝင်
20-Sep-2018
ဟင်္သာတ၊ စက်တင်ဘာ ၂၀

ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ ဖဒိုမန်းငြိမ်းမောင်နှင့် ပွဲကျင်းပသူ ၄ ဦးကို တရားစွဲဆိုမည်ဟု လက်မှတ်ထိုး ဆင့်ခေါ်ခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ တရားစွဲဆိုမည့်စာရင်းတွင် ဖဒိုမန်းငြိမ်းမောင် ပါဝင်ခြင်းမရှိတော့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်ရန်ဟုဆိုကာ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီအရောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလာရောက်ရန် လက်မှတ်ထိုး ဆင့်ခေါ်ခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ တရားစွဲဆိုမည့်စာရင်းတွင် ဖဒိုမန်းငြိမ်းမောင် ပါဝင်ခြင်းမရှိတော့ဘဲ ပွဲကျင်းပသူလေးဦးကိုသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားရုံးဦးတိုက်လျှောက်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“မြစ်ဝကျွန်းပေါ်ဒေသ ကရင်- ဗမာ အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတာလားလို့ မေးချင်တယ်။ မန်းငြိမ်းမောင်ကို ဆင့်ခေါ်ပြီး မန်းငြိမ်းမောင်ကို ဖယ်ထုတ်တာ ဘာကြောင့်လဲ”ဟု ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

တရားစွဲဆိုမည်ဟု ဆင့်ခေါ်သူများစာရင်းတွင် KNU ကရင်အမျိုးသား အစည်းအရုံး မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ (ဗဟို) ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖဒိုမန်းငြိမ်းမောင်နှင့် ပွဲကျင်းပသူဟုဆိုသည့် ဦးစောအောင်မွန်စိုး၊ ဦးစောသန်းထွန်းသန်း၊ ဦးစောခူရှီးထူးနှင့် ဦးစောကျော်ကြီးတို့ ပါဝင်ခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ခြင်းမရှိဘဲ သုံးနှစ်ဆက်တိုက်ပြုလုပ်လာခဲ့သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ယခုနှစ်ကျင်းပသည့်ပွဲ၌ ရဲတပ်ဖွဲ့အင်အားများ ဝန်းရံလျက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက လာရောက်ဟန့်တားမှုအပေါ်များစွာ ဝမ်းနည်းမိကြောင်း ဖဒို မန်းငြိမ်းမောင်က ပြောကြားသည်။

ကရင့်အာဇာနည်နေ့ကျင်းပရာ တာငါးဆယ်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ဌေးကို မေးမြန်းကြည့်ရာတွင် တရားလိုပြုလုပ်တရားစွဲရန် စာရောက်နေပြီဟု ဖြေဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနှင့် တရားစွဲဆိုမည်မဟုတ်ကြောင်းနှင့် ဗမာက ကရင်ကိုတရားစွဲဆိုသည့် အမည်းစက် မထင်လိုကြောင်းဟု ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြောဆိုခဲ့ကြောင်း ဦးစောကျော်ကြီးက ရှင်းပြသည်။

အဆိုပါ တရားစွဲဆိုမည့်အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် တရားလိုပြုလုပ်ဦးတိုက်လျှောက်ထားရမည့် ဦးစိန်ဌေးကို The Voice က ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

R-13