News

POST TYPE

NEWS

ဆင်းရဲမွဲတေမှုနှင့် လူကုန်ကူးမှုဒဏ် ခံနေရသော နီပေါနိုင်ငံ
20-Sep-2018


ကျော်ဗလ

နီပေါနှင့် အိန္ဒိယနှစ်နိုင်ငံကြားရှိ နယ်နိမိတ်သည် အလွန်ဖြတ်ကျော်ရလွယ်ကူသည့် နေရာတစ်ခုဖြစ်သည်။ ကီလိုမီတာ ၁၆၀၀ ခန့် ရှည်လျားသည့် နယ်ခြားစည်းရိုးမှာ ၃၀ စင်တီမီတာ ခန့်မြင့်သည့် ကွန်ကရစ်တိုင်လေးတွေသာ ဟိုဘက်သည်ဘက်ခြားသည်။ တံတိုင်းမခတ်၊ ခြံစည်းရိုးဟူသည် ဆူးကြိုးများမရှိ။ ကွန်ကရစ်တိုင်သာရှိသည်။ ထို စည်းရိုးကို ဟိုဘက်သည်ဘက်ခွပြီး လယ်လုပ်နေသူတွေလည်းရှိသည်။

ထိုနှစ်နိုင်ငံကြားတွင် ပတ်စ်ပို့မလို၊ ဗီဇာမလို နီပေါနှင့် အိန္ဒိယနိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူများ အတားအဆီးမဲ့ ဖြတ်သန်းသွားလာနေကြသည်သာ ဖြစ်သည်။ နယ်စပ်မျဉ်းကို နှစ်ဖက်နားလည်မှုနှင့် ဖွင့်ပေးထားခြင်းက ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုအပြင် အခြား လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ ပြဿနာများကလည်း အလွယ်တကူ ကူးလူးစီးဆင်းနေသည်သာ ဖြစ်သည်။ နှစ်ဖက်ရှိ ရာသီချိန်အလုပ်သမားတွေကလည်း ကူးလူးသွားလာလုပ်ကိုင်နေကြသည်။ ထိုကြားထဲတွင် ကလေးနှင့် အမျိုးသမီး လူကုန်ကူးမှုတွေကလည်း နှစ်နိုင်ငံကြားတွင် ကြောက်စရာ ကောင်းလောက်အောင် တိုးပွားနေသည်။

UNICEF ၏ ထုတ်ပြန်ချက်ထဲတွင် အိန္ဒိယနိုင်ငံသို့ နီပေါနိုင်ငံထဲမှ နှစ်စဉ် ကလေးများကို လူကုန်ကူးပြီး ပို့ဆောင်နေသူပေါင်း ၁၂၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။ ထိုကလေးအများစုသည် ပြည့်တန်ဆာအိမ်သို့ အပို့ခံကြရမည့်သူတွေဖြစ်သည်။ အချို့ကလည်း စာချုပ်ဖြင့် တုပ်နှောင်ခံထားရသည့် အလုပ်သမားများ ဘဝရောက်ကြပြီး၊ အချို့မှာ လက်ထပ်ထိမ်းမြားရန်ဖြစ်သည်။ ပိုဆိုးသည်က ကလေးတို့၏ ကိုယ်ခန္ဓာ အတွင်းပိုင်းပစ္စည်းများကို ထုတ်ယူရောင်းချရန်ဖြစ်နေသည်။

မာမန်ဒို တာရာသည် သူ၏ ကျေးရွာလေးက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထွက်ခွာလာခဲ့သည်။ ခတ်မန်ဒူရှိ သူ၏ အသိတစ်ယောက်က ခေါ်သောကြောင့်ဖြစ်သည်။ သူ့အသိက ပူနေးမြို့တွင် စားပွဲထိုးလုပ်ရမည်။ လစာလည်း ကောင်းသည်ဟုပြောပြီး ခေါ်ခြင်းဖြစ်သည်။ ယခု အသက် ၂၀ ရှိနေပြီဖြစ်သည့် တာရာက -

“ကျွန်မ ရွာမှာ အရမ်းပျင်းတယ်။ ကမ္ဘာလောကကြီးကို ကြည့်ချင်တယ်။ ဒါကြောင့် မိဘတွေ တားနေတဲ့ကြားက ထွက်ခဲ့တယ်”ဟုဆိုသည်။ သူနှင့်အခြား မိန်းကလေးတစ်ယောက်တို့သည် နီပေါနှင့် အိန္ဒိယနယ်စပ်မြို့ကို ဘတ်စ်ကားဖြင့် ရောက်လာကြသည်။ နယ်စပ်ကတစ်ဆင့် အိန္ဒိယနိုင်ငံကို ဆိုင်ကယ်ကယ်ရီဖြင့် ကျော်ဖြတ်ခဲ့ကြသည်။ သူတို့တွင် ဘာသက်သေခံကတ်ပြားမှလည်း မပါ။ အိန္ဒိယနိုင်ငံကိုရောက်သည့်အခါ ရထားဖြင့် ခရီးဆက်ကြသည်။ ပူနေးမြို့တွင် အလှပြင်ဆိုင်တစ်ဆိုင်၏ တန်းလျား၌ ညအိပ်ကြသည်။ ထိုနေရာက ယာယီ စခန်းချရန်သာဖြစ်ပြီး ဤနေရာကတစ်ဆင့် အလုပ်ရှာရမည်ဟုသူနှင့် ပါလာသည့် အမျိုးသမီးကသူ့ကို ပြောပြသည်။

သူနှင့်အတူလာသည့် မိန်းကလေးက အဆောင်ကို ပြန်မလာတော့။ နောက်မှသိလိုက်ရသည်မှာ သူ့ကို ပြည့်တန်ဆာအိမ်တွင် ရောင်းစားသွားခြင်းဖြစ်သည်။ အဆောင်က မိန်းမကြီးက သူ့ကို ရူပီး ၂ သိန်း ပြန်ပေးနိုင်လျှင် လွှတ်ပေးမည်ဟုပြောသည်။ သူ့ကို ရူပီး ၂ သိန်းနှင့် ရောင်းစားသွားခြင်းဖြစ်သည်။ တာရာတစ်ယောက် ထိုအချိန်ကစပြီး ပြည့်တန်ဆာဘဝကို အဓမ္မ သွတ်သွင်းခြင်း ခံလိုက်ရသည်။ သူက မလုပ်ချင်ဟုပြောလည်း သူတို့လက်ခုပ်ထဲကရေ၊ ပြုသမျှ နုရသည့်ဘဝကို ရောက်သွားသည်။

တာရာက သူ့ဖောက်သည်တွေဆီက ပိုက်ဆံရသည်။ ရသည့်ပိုက်ဆံထဲက ပြည့်တန်ဆာခေါင်း မိန်းမကြီးကို ကော်မရှင်နှင့် နေထိုင်စားသောက်စရိတ်များ ပေးရသည်။ သူ၏ နေ့စဉ် ဝင်ငွေနှင့်ဆိုလျှင် ဤပြည့်တန်ဆာခန်းတွင် ၁၀ နှစ်လုပ်ပြီးမှ သူ့ကိုပေးဝယ်လိုက်သည့် အကြွေးကျေမည်ဖြစ်သည်။

သို့သော် တာရာတစ်ယောက် ကံကောင်းသည်ဟုဆိုရမည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီက ထိုပြည့်တန်ဆာခန်းကို ရဲတပ်ဖွဲ့ကဝင်စီးသည်။ သူတို့ကို သတင်းရသည်ဟုဆိုလျှင် ခေါင်းမကြီးက မြေတိုက်ခန်းထဲ၌ ဝှက်ထားတတ်သည်။ သူတို့ဆောင်ကြာမြိုင်ကို လာရှာမည်ဆိုလျှင် သတင်းက ကြိုရနေသည်သာဖြစ်သည်။ သို့သော် ထိုနေ့က ခေါင်းမကြီးပေးထားကျွေးထားသည့်ရဲတွေ မသိလိုက်မီ၌ ဝင်စီးခံလိုက်ရပြီး သူတို့အားလုံး အဖမ်းခံလိုက်ရသည်။

တာရာတစ်ယောက် ဆောင်ကြာမြိုင်တွင် ၂ လခွဲခန့်သာ နေလိုက်ရသည်။ နီပေါနိုင်ငံ ပြုပြင်ရေးစခန်းတွင် ၉ လ ထိန်းသိမ်းခြင်း ခံလိုက်ရသည်။

တာမန်သည် ၁၆ နှစ် သမီးအရွယ်ကတည်းက ရွာတွင် အိမ်ထောင်ကျခဲ့သည်။ သားလေးတစ်ဦး မွေးဖွားခဲ့သည်။ ယခု သူ့အသက်က ၂၃ နှစ်ရှိပြီ။ လယ်ယာလုပ်ငန်းတွင် ဆင်းရဲပင်ပန်းလွန်းသဖြင့် မြို့တက်လာသည်။ သူ့အဖြစ်ကို ပြောပြသည်။

“ကျွန်မတို့ရွာကို လူတစ်ယောက်ရောက်လာတယ်။ သူက မြို့မှာ အလုပ်ပေးမယ်။ ရူပီး ၃ သိန်းခန့်ကို ၂ နှစ်အတွင်း စုဆောင်းမိမယ်လို့ပြောတယ်။ သူက လေးစားလောက်တဲ့သူဆိုတော့ သူ့ကိုယုံမိတာပေါ့။ ဒါနဲ့ ခိုကတ္တားကို ကျွန်မလိုက်ခဲ့တယ်။ အဲဒီမှာ နောက်ထပ်တစ်ယောက်က ကျွန်မကို ဒေလီဆက်ပြီး ခေါ်သွားတယ်။ ပြီးတော့ အက်ဂရာကို ရောက်လာတယ်။ အဲဒီမှာ အိမ်ဖော်အလုပ် လုပ်ရမယ်လို့ပြောတယ်”

သူ့ကို အိမ်ရှင်တွေက ကောင်မလေးတစ်ယောက်နှင့်အတူ အိမ်ထဲတွင် သော့ခတ်ထားသည်။ ကောင်မလေးက ၁၄ နှစ် ၁၅ နှစ်လောက်ပဲရှိမည်။ နောက်မှသိလိုက်ရသည်မှာ သူတို့သည် နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများဘက်က မိန်းကလေးတွေကို အိန္ဒိယနိုင်ငံဘက်သို့ လူကုန်ကူးသူတွေဖြစ်နေသည်။ သူတို့နေထိုင်သည့် အိမ်ကိုအစောင့် ငါးယောက်က နေ့ညမပြတ် စောင့်ကြည့်နေကြသည်။ သူတို့ တစ်ရက်လျှင် ဖောက်သည် လေးယောက်မှ ၁၅ ယောက်အထိ လက်ခံကာ ဆန္ဒဖြည့်ဆည်းပေးရသူများ ဖြစ်လာသည်။

ဆောင်ကြာမြိုင်တွင် သူတို့ မကြာခဏ နှိပ်စက်ခံရသည်။ များများစားလည်း အရိုက်ခံရသည်။ နည်းနည်း လေးစားလည်း အရိုက်ခံရသည်။ သူက မိသားစုနှင့်လည်းကောင်း၊ သားလေးနှင့်လည်းကောင်း အဆက်အသွယ် လုပ်၍လည်းမရ။ သူတို့လွတ်လမ်းကို ရှာကြသည်။ သူတို့ဝတ်ဆင်သည့် ဆာရီကို ကြိုးလိုလုပ်ပြီး သူတို့ကိုထားသည့် အပေါ်ထပ် ပြတင်းပေါက်မှ အောက်ကို တွယ်ဆင်းကြသည်။ သူနှင့် အခြား နီပေါ အမျိုးသမီး နှစ်ယောက်တို့ လွတ်မြောက်သွားသည်။ သူက တွယ်အဆင်းတွင် ပြုတ်ကျပြီး ကျောနာသွားသည်။ သို့သော် သူ့အဖော် အမျိုးသမီးနှစ်ယောက်က တွဲထူပြီး ဒေလီအရောက် ပြေးကြသည်။

တာရာနှင့် တာမန်တို့နှစ်ယောက်စလုံးကို အိန္ဒိယနိုင်ငံအစိုးရက စခန်းတစ်ခုကိုပို့ပေးထားသည်။ အရှေ့တောင်အာရှနိုင်ငံများမှ အဓမ္မပြည့်တန်ဆာဘဝ သွတ်သွင်းခြင်းခံရသော အမျိုးသမီးများကို NGO အဖွဲ့အစည်းများကလည်း စောင့်ရှောက်ပေးထားသည်။ Maiti ဆိုသည့် အဖွဲ့အစည်းသည် လူကုန်ကူးခံရသည့် အမျိုးသမီးများကို စောင့်ရှောက်ပေးထားပြီး မိသားစုနှင့် ပြန်လည် ဆုံစည်းနိုင်စေရန် အကူအညီပေးနေသည်။ သူတို့ နေရပ်ဒေသများကို ပြန်နိုင်စေရန် အကူအညီပေးနေကြသည်။

ယခုအခါ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ရန် အတားအဆီးတွေ များလာသည်။ စစ်ဆေးရေးဂိတ်ပေါင်း ၁၂ ခုလောက် နီပေါဘက်တွင် ချထားသည်။ ဂိတ်ဆိုသော်လည်း အိန္ဒိယနယ်စပ်နှင့် မီတာ အနည်းငယ် ကွာသည့်နေရာတွင် တည်ဆောက်ထားသော သွပ်မိုးရုံလေးတွေသာဖြစ်သည်။ ဖြတ်သန်းလာသူတိုင်းကို ရဲမေတွေနှင့် ရဲများအပြင် စစ်တပ်ကပါ စစ်ဆေးနေသည်။

သို့သော် နေ့စဉ် ဖြတ်သန်းနေသော ကားတွေ လူတွေက နယ်စပ်တွင် အများကြီးရှိနေသည်။ မည်သူ့ကို လူကုန်ကူးသည်ဆိုခြင်းမှာ ခန့်မှန်းရခက်လှသည်။ NGO အဖွဲ့အစည်းတွေကလည်း လူကုန်ကူးသူများကို ကူညီပေးသည့်အနေနှင့် တာဝန်ရှိသူများအား သတင်းပေးနေသည်။ ယနေ့ခေတ် လူကုန်ကူးမှုများကို လုပ်ဆောင်နေသည့် မာဖီးယားဂိုဏ်းသားတွေသည် ရုပ်ရှင်တွေထဲကလိုမဟုတ်။ မိန်းကလေးတွေကို ရုပ်ရှင်ထဲကလို ကားများထဲတွင် ကြိုးတုတ်၊ ပါးစပ်ဆို့ပြီး သယ်ဆောင်လာကြသည့်ခေတ် မဟုတ်တော့။ သူတို့ကိုယ်တိုင် နယ်စပ်ကို အေးဆေးစွာ ဖြတ်ကျော်ကူးလာရန် သွေးဆောင်စည်းရုံး သိမ်းသွင်းခြင်း ခံထားရသည်။ လူကုန်ကူးသည့် ပွဲစားတွေပင် သူတို့နှင့်အတူမပါ။

လူတိုင်း ဖုန်းကိုင်နိုင်သည့်ခေတ်တွင် ဖုန်းလေးတွေထုတ်ပြီး အချိန်း အဆက် လုပ်လိုက်ကြရုံသာဖြစ်သည်။ သူတို့က အကောင်းဆုံး လောကနိဗ္ဗာန်တစ်ခုကို ရောက်အောင်ပို့ပေးမည်ဆိုသည့် စကားတစ်ခွန်းလောက်နှင့် လုံလောက်သည်။

စစ်ဆေးရေးဂိတ်တွင် NGO အဖွဲ့ဝင်တွေရော၊ ရဲတွေပါရှိနေသည်။ သူတို့သည် နီပေါမှ အိန္ဒိယဘက်ကို ဖြတ်ကျော်မည့် မိန်းကလေးတွေကို စစ်ဆေးနေသည်။ သူတို့မျက်နှာလေးတွေက ရိုးသားပုံပေါက်နေသည်။ သူတို့ နယ်စပ်ဖြတ်ကျော်မည့်ကားပေါ်က ဆင်းလာကြခြင်းဖြစ်သည်။ မှတ်ပုံတင်တွေ စစ်ဆေးကြသည်။ ဘာကြောင့်သွားမှာလဲ မေးကြသည်။ သူတို့ကို တယ်လီဖုန်းနံပါတ်တွေမေးသည်။ မိသားစု ဆက်သွယ်ရမည့် လိပ်စာတွေမေးသည်။

ကောင်မလေးသုံးယောက်က အိန္ဒိယဘက်ကို ဈေးဝယ်ထွက်လာသည်ဟု ပြောသည်။ သူတို့မိဘတွေကို ဆက်သွယ်ရမည့်လိပ်စာတွေ မေးကြည့်သည့်အခါတွင် မရေမရာတွေ လျှောက်ပြောသည်။ သူတို့ကို သေသေချာချာ စစ်မေးလိုက်သည့်အခါတွင် တစ်ယောက်က ငိုတော့သည်။ သူတို့ဆေးစွဲနေသည်။ အိန္ဒိယနိုင်ငံဘက်ကိုရောက်လျှင် ဆေးအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မည်ဟု သူတို့ကို မက်လုံးပေးထားသည်။ မူးယစ်ဆေးဖြင့် ဆွဲဆောင်ပြီး နောက်ဆုံးတွင် ဆောင်ကြာမြိုင်သို့ လိင်ကျွန်များအဖြစ် အပို့ခံရရန် သေချာသလောက် ဖြစ်နေသည်။

ထိုအချိန်တွင် နောက်နှစ်ယောက်က ဂိတ်ထဲကိုဝင်လာသည်။ အမျိုးသမီးကြီးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူတို့က လက်ထပ်ရန်ပစ္စည်းများကို အိန္ဒိယနိုင်ငံဘက် သွားဝယ်မည်ဟုဆိုသည်။ ကောင်မလေးကိုမေးတော့ အိန္ဒိယတွင် လက်ထပ်ရန်သွားမည်ပြောသည်။ သို့သော် ကောင်မလေးက လက်ထပ်ထားပြီးသားဖြစ်နေသည်ကို စစ်ဆေးရင်းသိလိုက်ရသည်။ အသက်ကြီးကြီး မိန်းမကြီးမှာ လူကုန်ကူးသည့် ပွဲစားမကြီးဖြစ်ရန် သေချာသလောက်ဖြစ်နေသည်။ ထိုအဖြစ်အပျက်များသည် နီပေါနှင့် အိန္ဒိယနယ်စပ်တွင် နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် အဖြစ်အပျက် ပြဿနာများဖြစ်သည်။

Maiti Nepal ဆိုသည့် NGO အဖွဲ့သည် နီပေါနိုင်ငံတွင် အခြေစိုက်ထားပြီး လူကုန်ကူးခံရသည့် အမျိုးသမီးများအရေးအတွက် အစိုးရနှင့် ပူးပေါင်းကာ အကျိုးဆောင်ပေးနေသည်။ အထူးသဖြင့် လိင်ကုန်ကူးရန် အမျိုးသမီးများကို အိန္ဒိယနိုင်ငံအတွင်း နီပေါအမျိုးသမီးများအား ခေါ်သွင်းနေခြင်းအား တားဆီးပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် စတင်ထူထောင်ထားပြီး ၂၀၁၇ ခုနှစ်အထိ လူကုန်ကူးသူပေါင်း ၁၅၇၁ ဦးကို ဖမ်းဆီးပေးနိုင်ခဲ့သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၀၆၆၅ ကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။ လူကုန်ကူးခံလာရသည့် မိန်းကလေးပေါင်း ၃၆၀၄၅ ဦးကို သူတို့ ကယ်ထုတ်နိုင်ခဲ့ရာ ၂၀၁၇ ခုနှစ်မှာပင် လူထောင်ကျော်ကို နယ်စပ်မှ ကယ်တင်နိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် လူကုန်ကူးမှုများကို လက်ခံသိမ်းဆည်းထားသည့် ဗဟိုဌာနကြီးတစ်ခုလိုဖြစ်လာသည်။ အိန္ဒိယနိုင်ငံကတစ်ဆင့် နီပေါနိုင်ငံမှ မိန်းကလေးများကို ကမ္ဘာ့နိုင်ငံအနှံ့ ပို့ဆောင်ပေးနေသည့် လုပ်ငန်းတွေကိုပါ လက်ခံလုပ်ဆောင်ပေးသော နေရာတစ်နေရာဖြစ်လာသည်။

နီပေါနိုင်ငံ National Human Rights Commission (NHRC) အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်မှာပင် လူကုန်ကူးခံနေရသူ အမျိုးသမီးပေါင်း ၂၉၀၀၀ ခန့်ရှိနေကြောင်း UNICEF က ထုတ်ပြန်ထားသည်။ UNICEF က မိန်းကလေးပေါင်း ၁၁၀၀၀ မှ ၁၃၀၀၀ ခန့်သည် ခတ်မန်ဒူမြို့မှာပင် ညဘက် ဖျော်ဖြေရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြရသည်ဟု ဆိုထားသည်။ ထိုအထဲတွင် အသက် ၈ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်။ နယ်စပ်ဖြတ်ကျော်လာသည့်သူများထဲတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးများကိုပင် အထူးသတိထားပြီး စစ်ဆေးနေကြရသည့် အနေအထားကို ရောက်လာသည်။

Maiti Nepal မှ ဒါရိုက်တာဖြစ်သူ ဘီရှဝိုရမ် ခါဒကာက -

“သူတို့ နယ်စပ်ကို ဖြတ်လာတဲ့အထဲမှာ ခိုးရာလိုက်ပြေးတယ်ဆိုတဲ့သူတွေတောင်ပါတယ်။ ခိုးရာ လိုက်ပြေးတယ်ဆိုတာ ချစ်လို့လည်းပါသလို နယ်စပ်ကနေ လွတ်ထွက်ပြေးချင်တာကြောင့်လည်းပါတယ်။ ဒါပေမဲ့ အားလုံးဟာ ခတ်မန်ဒူက ဆောင်ကြာမြိုင်တွေဆီကို ဦးတည်နေတယ်ဆိုတာ အားလုံးသိတယ်”ဟုဆိုသည်။

အရင်းခံကို စစ်လိုက်သည့်အခါ ဆင်းရဲခြင်းကြောင့် ကျော်ဖြတ်ရန်ကြိုးစားပြီး လွတ်လမ်းရှာနေကြသည်။ သို့သော် သူတို့အမှောင်ထဲကို သက်ဆင်းပြီး လွတ်လမ်း မမြင်နိုင်လောက်အောင် ဖြစ်နေကြရရှာသည်။

(Ref: South China Morning Post)