News

POST TYPE

NEWS

ဂျာမနီတွင် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်ရထား ပြေးဆွဲ
20-Sep-2018


ဘာလင်၊ စက်တင်ဘာ ၁၈

ဂျာမနီနိုင်ငံတွင် အိုမင်းနေပြီဖြစ်သည့် ဒီဇယ်စွမ်းအင်သုံး အင်ဂျင်များနေရာတွင် နည်းပညာသစ် အင်ဂျင်များဖြင့် အစားထိုးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို စတင်ပြေးဆွဲခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ပြင်သစ်နိုင်ငံက တည်ဆောက်ပေးသော ဟိုက်ဒရိုဂျင်ရထားသည် စက်တင်ဘာ လ ၁၇ ရက်နေ့တွင် ပထမဆုံးခရီးစဉ်အဖြစ် အောက်ဆက်ဇိုနီပြည်နယ် Bremervörde  ဘူတာရုံမှ စတင်ထွက်ခွာခဲ့သည်။ 

CoradiaiLint အင်ဂျင်စက်ခေါင်း နှစ်ခုသည် Cuxhaven နှင့် Buxtehude မြို့များကို ချိတ်ဆက်ပေးထားသော ၆၂ မိုင်ခရီးတွင် ပြေးဆွဲနေသည့် ဒီဇယ်စက်ခေါင်းများနေရာတွင် အစားဝင်မည်ဖြစ်ပြီး ၂၀၂၁ တွင် ပြည်နယ်တစ်ဝန်း နောက်ထပ်ဟိုက်ဒရိုဂျင်ရထား ၁၄ စီး အစားထိုးသွားမည်ဖြစ်သည်။ အင်ဂျင်အမျိုးအစားသစ်များကို ပြင်သစ်ကုမ္ပဏီ Alstom က ထုတ်လုပ်ပေးခြင်းဖြစ်သည်။

“ကမ္ဘာ့ပထမဆုံးဟိုက်ဒရိုဂျင်ရထားဟာ လုပ်ငန်းသုံးဝန်ဆောင်မှုနယ်ပယ်ထဲကို ဝင်ရောက်လာပြီဖြစ်ပြီး ဆက်တိုက်ဆက်ထုတ်သွားဖို့ အသင့်ဖြစ်နေပါပြီ”ဟု Alstom ၏ စီအီးအို Henri Poupart-Lafarge က Bremervörde ဘူတာရုံတွင် ပြုလုပ်သောဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါဘူတာရုံကို လောင်စာဖြည့်စခန်းအဖြစ်ပါ အသုံးချ မည်ဖြစ်သည်။

ရထားသစ်များ၏ အမိုးပေါ်တွင် ဟိုက်ဒရိုဂျင်လောင်စာကန်နှင့် လောင်စာဆဲလ်များ တင်ဆောင်ထားပြီး ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပေါင်းစပ်ကာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးခြင်းဖြစ်သည်။ ပိုလျှံသောစွမ်းအင်ကို လီသီယံအိုင်းယင်း ဘက်ထရီများထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ အင်ဂျင်စက်ခေါင်းများသည် လောင်စာပြန်မဖြည့်ဘဲကီလိုမီတာ ၁၀၀၀ အထိ ခုတ်မောင်းနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၄၀ ( ၈၇မိုင်) အထိ ခုတ်မောင်းနိုင်သဖြင့် ဒီဇယ်စက်ခေါင်းများနှင့် မြန်နှုန်းတူဖြစ်သည်။

သို့သော်လည်း ဒီဇယ်စက်ခေါင်းများနှင့် မတူသည်မှာ ဟိုက်ဒရိုဂျင်ရထားများသည် ရေနွေးငွေ့နှင့် ရေကိုသာ စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်။ ရထားသစ်များသည် အသံလည်းမဆူသလို လည်ပတ်မှုကုန်ကျစရိတ်လည်း ပိုနည်းသည်ဟုဆိုသည်။

”ဟိုက်ဒရိုဂျင်ရထားတစ်စီး ဝယ်ရတာ ဒီဇယ်ရထားတစ်စီးထက် ကျိန်းသေပေါက် ဈေးပိုကြီးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မောင်းနှင်လည်ပတ်မှုမှာကျတော့ ပိုဈေးသက်သာပါတတယ်” ဟု Alstom မှ စီမံကိန်းမန်နေဂျာ Stephen Schrank က ပြောကြားခဲ့သည်။

အောက်ဆက်ဇိုနီပြည်နယ်သည် စီမံကိန်းအတွက် စုစုပေါင်းယူရို ၈၁ ဒသမ ၃ သန်းပေးချေသွားမည်ဖြစ်ပြီး ဂျာမနီနိုင်ငံ၏ ရေရှည်မျှော်မှန်းချက်ဖြစ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးနှင့် ပြည့်ဖြိုးမြဲ စွမ်းအင်အစားထိုးသုံးစွဲရေးနှင့်အညီ အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ အီတလီနှင့် ကနေဒါတို့ကလည်း ၎င်းတို့၏ ရထားများဝယ်ယူရန် စိတ်ဝင်စားနေကြောင်း Alstom ကုမ္ပဏီက ထုတ်ပြန်သည်။

ပြင်သစ်အစိုးရကမူ ၂၀၂၂ တွင် ပထမဆုံး ဟိုက်ဒရိုဂျင်ရထားစတင်ပြေးဆွဲမည်ဟု ကတိပြုထားသည်။ 

F-03