News

POST TYPE

NEWS

အကြွေးဖြင့်ဖြန့်ပြီး အမြတ်တင်ရောင်း၍ ထီဈေးကြီးနေခြင်းဟု တိုင်းအစိုးရပြော
20-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၉

အောင်ဘာလေထီသည် ပင်ရင်းဆိုင်ကြီးမှ ထီကိုယ်စားလှယ်၊ ထီဆိုင်အဆင့်ဆင့်ကြား အကြွေးစနစ်ဖြင့် ဖြန့်ဖြူး၍ ဈေးအမြတ်တင်ရောင်းသည့်အတွက် ဈေးကွက်၌ ထီလက်မှတ်ဈေးနှုန်းကြီးမြင့်မှုပြဿနာ ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်းက စက်တင်ဘာလ ၁၉ ရက် လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်း၏ “ရန်ကုန်တိုင်းအတွင်း ထီဆိုင်ကြီးများက ထီလက်မှတ်များအား အစိုးရသတ်မှတ်ရောင်းဈေး ၅၀၀ ကျပ်ထက် ပိုမိုအမြတ်တင်ကာ လက်လီ၊ လက်ကား ရောင်းချနေခြင်းများသည် အောင်ဘာလေသိန်းဆုဌာနက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်မှုရှိသလား၊ မရှိပါက အရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ” သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ပင်ရင်းကနေ အဆင့်ဆင့် ကြားထဲမှာလည်း အကြွေးစနစ်နဲ့ဖြန့်လို့ အမြတ်တင်ရောင်းတယ်။ ထီဆိုင်များဖွင့်လှစ်ရောင်းချသူများဟာ ကံစမ်းသူများအကြိုက် အက္ခရာ၊ ဂဏန်း၊ အတွဲအစပ်တွေ စုစည်းပြင်ဆင်ထုပ်ပိုးပြီးတော့ ဈေးကွက်သဘောအရ ပြိုင်ဆိုင်ဝန်ဆောင်ပေးပြီးတော့ ရောင်းချနေတဲ့အတွက် ထီဈေးနှုန်းများဟာ ကြီးမြှင့်လာခြင်းဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

လက်ရှိတွင် အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းနိုင်မှုမရှိသောကြောင့် အခွန်ဦးစီးဌာနအောက်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီးပါက ထီဆိုင်အဆင့်ဆင့်ကို ကြီးကြပ်ထိန်းကျောင်းနိုင်မည့်အပြင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချဝယ်ယူနိုင်ရေး၊ နှစ်သက်ရာဂဏန်းများ စိတ်ကြိုက်ရွေးချယ်ကံစမ်းရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်၌ ပြောဆိုသည်။

ထို့ကြောင့် အောင်ဘာလေသိန်းဆုဌာနမှ တိုက်ရိုက်ဝယ်ယူရောင်းချသော ထီဆိုင်ကြီးများကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချရာတွင် မိမိထီဆိုင်အမည်ဖြင့် ထပ်ဆင့်ရောင်းချသော ဆိုင်များ၌ ဈေးပိုရောင်းသည်ဟု စစ်ဆေးတွေ့ရှိပါက ပင်ရင်းထီဆိုင်၏ မှာယူသော ထီလက်မှတ်အရေအတွက်ကို လျှော့ချသောနည်းလမ်းဖြင့် အရေးယူလျက်ရှိကြောင်း လွှတ်တော်၌ ဆက်လက်ဖြေကြားသည်။

“အခြေခံလူတန်းစားတွေ သက်သက်သာသာနဲ့ ထီတစ်စောင်ချင်းရောင်းတဲ့စနစ် ဖွံ့ဖြိုးလာအောင် လုပ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်။ ဝန်ကြီးကတော့ အောင်ဘာလေသိန်းဆုဌာနနဲ့ ဆက်သွယ်ပြီးတော့ အကြောင်းပြန်ပေးမယ်တော့ ပြောသွားတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။

အလားတူ ဆိုင်အနေနှင့် ထီလက်မှတ်ရောင်းချပေးမည်ဆိုပါက ငွေကြေးတောင့်တင်းသည့် ထီဆိုင်များသာ အကြောင်းအမျိုးမျိုးပြ၍ ပိုမိုလျှောက်ထားကာ ဈေးကွက်ကို ချုပ်ကိုင်မှုများ ရှိနိုင်ခြင်းကြောင့် လူပုဂ္ဂိုလ်တစ်ဦးအနေနှင့်သာ ရောင်းချသည့်မူဝါဒဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး လစဉ်အနည်းဆုံး အုပ်ရေ ၅၀ မှ အများ ဆုံးအုပ်ရေ လေးသောင်းခန့်ရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ အချက်အလက်များအရ သိရသည်။

ထို့သို့ ရောင်းချရာမှာ အက္ခရာအတွဲ အစပ်စုစည်းရနိုင်ရန် အချင်းချင်းလဲလှယ်ခြင်း၊ မျှဝေရောင်းချခြင်းတို့ကို ဆောင်ရွက်ကြခြင်းကြောင့် ငွေကြေးအင်အားတောင့်တင်းသော ထီဆိုင်ကြီးများမှ အက္ခရာ၊ ဂဏန်း ပိုမိုစုစည်းလာနိုင်ခြင်း၊ ဒေသအများအပြား၌ ထီဆိုင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ ငွေကြေးမတတ်နိုင်သော ထီလုပ်ငန်းဆောင်ရွက်လိုသူများအား အကြွေးစနစ်ဖြင့် ထီဆိုင်များကို ထပ်ဆင့်ရောင်းချခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အောင်ဘာလေ သိန်းဆုဌာနခွဲမှ တစ်ဦးချင်းရောင်းချရန် စုစည်းထားသည့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်ကြီးသည် ပင်ရင်းကိုယ်စားလှယ်ဆိုင်များနှင့် လက်ခွဲဆိုင်များအပါအဝင် ဆိုင်ပေါင်းသုံးထောင်ခန့်အထိ အများဆုံး ရောင်းချနေပြီး ရွှေမြန်မာထီဆိုင်မှာ ဒုတိယအကြီးဆုံး ထီလုပ်ငန်းတစ်ခုဖြစ်ကြောင်း ယင်းသိန်းဆုဌာနခွဲထံမှ သိရသည်။

ဝင်ငွေခွန်အနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ၃၂ ဒသမ ၉ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက် ၃ ဒသမ ၂၃ သန်း ကောက်ခံရရှိပြီး ယခုအချိန်အထိ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အောင်ဘာလေသိန်းဆုထီရောင်းချသောဆိုင်များမှ ကောက်ခံရရှိမှုပေါင်း ၂၅၉ သန်းခန့် ကောက်ခံရရှိပြီးဖြစ်ကြောင်း ဦးမြင့်သောင်းက ပြောကြားသည်။

J-17