News

POST TYPE

NEWS

ယီမင်တွင် ကလေးငယ် ၅ သန်းကျော် အငတ်ဘေးတွေ့
20-Sep-2018


ဆာနာ၊ စက်တင်ဘာ ၁၉

ပြည်တွင်းစစ် အပါအဝင် စစ်မက်ပဋိပက္ခမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ယီမင်နိုင်ငံတွင် ကလေးငယ်စုစုပေါင်း ၅ သန်းကျော်ခန့်မှာ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကလေးသူငယ်များဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မကြာသေးခင်က ယီမင်၏ ဆိပ်ကမ်းမြို့ဖြစ်သော ဟိုဒီဒါမြို့ကိုလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ အစားအစာများ၊ လောင်စာဆီများနှင့် အခြားအကူအညီအထောက်အပံ့များ ရရှိရေးအတွက် များစွာကမောက်ကမဖြစ်စေမည်ဖြစ်သည်။ 

ဗြိတိန်အခြေစိုက် NGO တစ်ခုဖြစ်သော  Save the Children က ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်တစ်ရပ်အရ ယီမင်တွင် ငတ်မွတ်ခေါင်းပါးသည့် ဘေးအန္တရာယ်မှာ ကြီးမားသည့်အတိုင်းအတာဖြင့် ဆက်လက်ဖြစ်ပေါ်မည်ဖြစ်သည်။ 

ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက ရက်ဆီးစီးတီးကို ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အကူအညီအထောက်အပံ့များပေးပို့ရေးအတွက် အရေးပါသည့် ဆိပ်ကမ်းတစ်ခုမှာ ပိတ်ပင်ထားလိုက်ရသည်။ 

အစားအစာနှင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကလေးသူငယ် စုစုပေါင်း ၅ ဒသမ ၂ သန်းခန့်မှာလည်း ငတ်မွတ်ခေါင်းပါးသည့်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

“စားစရာအစားအစာတွေ၊ လောင်စာဆီတွေ၊ တခြားအထောက်အပံ့တွေ ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းမှာ ကမောက်ကမအနည်းငယ်ဖြစ်တယ်ဆိုတာနဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးသူငယ်ထောင်ပေါင်းများစွာ သေဆုံးသွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ အသက်ရှင်ဖို့လိုတဲ့ အစားအစာတွေမရတော့ဘူးဆိုရင် အသက်အန္တရာယ်ရှိတဲ့သဘောပဲ”ဟု Save the Children မှ ယီမင်ဆိုင်ရာ ကိုယ်စားလှယ်တာမာကီရိုလိုစ်က ပြောကြားသည်။ 

ယီမင်နိုင်ငံကို ထောက်ပံ့တင်ပို့သော အစားအစာ၊ လောင်စာနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီ ၈၀ ရာခိုင်နှုန်းမှာ ဟိုဒီဒါမြို့မှ တစ်ဆင့်တင်ပို့ခြင်းဖြစ်သည်။ 

အစားအစာနှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများအဆမတန်မြင့်တက်နေမှုကလည်း ယီမင်နိုင်ငံတစ်ဝန်းရှိ မိသားစုများအတွက် ကြီးမားသည့်အန္တရာယ်တစ်ရပ်ပင်ဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။ 

ကုလသမဂ္ဂကြားဝင်ဆောင်ရွက်ပေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ယီမင်စစ်တပ်၊ အစိုးရထောက်ခံသည့် စစ်သွေးကြွများ၊ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတို့သည် ဟိုဒီဒါမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

F-01