News

POST TYPE

NEWS

အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျ၍ ဆင်းဆယ်ရာမှ လူလေးဦး သေဆုံး
20-Sep-2018

ကလေး၊ စက်တင်ဘာ ၁၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဆန်ကျိန်းကျေးရွာတွင် စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျရာမှ ဖုန်းကိုဆင်းဆယ်ခဲ့သည့် လူလေးဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ ကျေးရွာနေ ဦးဘရွှေ၏ နေအိမ်မှ အိမ်သာကျင်းထဲတွင် အိမ်ပိုင်ရှင်၏သမီးကိုင်ဆောင်သည့် ဖုန်းပြုတ်ကျခဲ့သည်ကို ဆယ်ယူရန် ဦးဘရွှေ၏သား ဦးဆန်းဝင်း ၃၁ နှစ်က ပထမဆုံးကျင်းထဲဆင်းခဲ့ကြောင်း၊ ယင်းနောက် ဦးဆန်းဝင်း၏ ညီဖြစ်သူ ဦးနိုင်ရွှေ ၂၉ နှစ်က ဆင်းဆယ်ခဲ့ပြီး ၎င်းတို့မှာ ကျင်းထဲမှ တက်မလာသဖြင့် တစ်ရွာတည်းနေ ဦးမြင့်ဇော် ၂၁ နှစ်က ကျင်းထဲဆင်းခဲ့ရာ ပြန်တက်မလာသဖြင့် ဦးရန်နိုင်လင်း ၂၁ နှစ်က ကျင်းထဲသို့ ထပ်မံဆင်းခဲ့ပြီးနောက် ပြန်တက်မလာသဖြင့် ကျင်းထဲဆင်းကြည့်ရာမှ ၎င်းတို့လေးဦးစလုံး ကျင်းထဲတွင် သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျင်းက ၁၃ ပေလောက်နက်တာဆိုတော့ ကျင်းထဲမှာရှိတဲ့ ဂက်စ်ငွေ့တွေကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာပါ”ဟု ဟုမ္မလင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထမံသီနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၈ ဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ထားကြောင်း ဟုမ္မလင်းမြို့မရဲစခန်းထံမှ သိရသည်။

R-20