News

POST TYPE

NEWS

ဆေးခြောက်ပါဝင်သော ဖျော်ရည်ထုတ်လုပ်ရန် ကိုကာကိုလာ စမ်းသပ်လျက်ရှိဟု သတင်းထွက်
19-Sep-2018



ဝါရှင်တန် စက်တင်ဘာ ၁၈

ကိုကာကိုလာသည် ကဖင်းအခြေခံ ဖျော်ရည်ကြောင့် လူသိများထင်ရှားသော သီးသန့်အမည်တစ်ခုဖြစ်သော်လည်း ကုမ္ပဏီသည် ယခုအခါ ကွဲပြားသော မူးယစ်ဆေးတစ်မျိုးဖြစ်သည့် ဆေးခြောက်နှင့် ဖျော်ရည်စပ်ရန် စမ်းသပ်နေပုံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကနေဒါသတင်းဌာန BNN Bloomberg ၏ အဆိုအရ ကိုကာကိုလာသည် ဆေးခြောက်ပါဝင်သော ဖျော်ရည်ထုတ်လုပ်ရေးကို ကနေဒါဒေသခံကုမ္ပဏီ Aurora Cannabis နှင့် ဆွေးနွေးနေသည်ဟု သိရသည်။

စားသုံးသူများကို မူးယစ်စေရန်မဟုတ်ဘဲ နာကျင်မှုသက်သာစေရန် ရည်ရွယ်သောအစီအစဉ်နှင့်ပတ်သက်၍ ကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ဆေးခြောက်ဖျော်ရည် ဈေးကွက်ကို အနီးကပ်လေ့လာနေသည်ဟု ပြောကြားသည်။

“စိတ်ကို မူးယစ်စေခြင်းမရှိသော ကန်နာဘီဒီရောလ်ပါဝင်သည့် ဖျော်ရည်ဈေးကွက်ကို အခြားကုမ္ပဏီများနည်းတူ အနီးကပ်စောင့်ကြည့်နေသည်”ဟု ကိုကာကိုလာက ကြေညာချက်ထုတ်ပြန်သည်။

အချို့ အမေရိကန်ပြည်နယ်များကဲ့သို့ ကနေဒါတွင်လည်း ဆေးခြောက်ကို ဆေးဝါးအဖြစ်သာ ခွင့်ပြုရာမှ အပန်းဖြေခြင်းအတွက်ပါ ခွင့်ပြုရန် ပြင်ဆင်နေခြင်းကြောင့် အဆိုပါအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် မော်လ်ဆန်ကူး ဘရူဝါရီကုမ္ပဏီက ဆေးခြောက်ပါဝင်သော အဖျော်ရည်ကို ထုတ်လုပ်သွားမည်ဟု ကြေညာခဲ့သည်။ 

ကွန်စတယ်လေးရှင်းဘရန်း ဘီယာကုမ္ပဏီကလည်း ကန်နူပီ ဂရို့သ်ဆေးခြောက်ကုမ္ပဏီတွင် ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။

Coke  နှင့် Aurora လက်တွဲမှုသည် ဆေးခြောက်ဖျော်ရည်ဈေးကွက်ထဲသို့ အယ်လ်ကိုဟောမဟုတ်သော အဖျော်ကုမ္ပဏီကြီးများ၏ ပထမဆုံး ဝင်ရောက်လာမှုဖြစ်သည်။

ကိုကာကိုလာသည် Aurora နှင့် အပြီးသတ်သဘောတူညီမှုမရသေးသော်လည်း အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု BNN Bloomberg က အမည်မဖော်လိုသော သတင်းဇာစ်မြစ်များကို ကိုးကားကာသတင်းထုတ်ပြန်ထားသည်။

“ဆွေးနွေးမှုလမ်းကြောင်းမှာ တိုးတက်မှုတွေ ရှိနေပါတယ်။ နာလန်ထ အဖျော်ရည်အမျိုးအစားကို ဦးတည်ဆွေးနွေးနေကြတာပါ” ဟု သတင်းဇာစ်မြစ်တစ်ဦးက ပြောကြားသည်။

Aurora ဖက်ကလည်း အပြီးသတ်သဘောတူညီမှုမရမီ စီးပွားရေးအစီအစဉ်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ဆေးခြောက်ထည့်သွင်းထားသည့် အဖျော်ရည်ဈေးကွက်သို့ ဝင်ရောက်ရေးကို အထူးစိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။

ကိုကာကိုလာ၏ ရှယ်ယာဈေးနှုန်းများသည် တနင်္လာနေ့ အစောပိုင်းက အနည်းငယ်မြင့်တက်လာခဲ့သည်။

F-04