News

POST TYPE

NEWS

ဘားအံအကျဉ်းထောင်မှူးကို ဖမ်းဆီးစစ်ဆေး
19-Sep-2018

ဘားအံ၊ စက်တင်ဘာ ၁၈

ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦးထောင်ဖောက်ထွက်ပြေးမှုနှင့် ပတ်သက်၍ ယင်းထောင်မှူး ဦးခင်မောင်ဝင်းကို အကျယ်ချုပ်ဖြင့် ဖမ်းဆီး၍ အကျဉ်းဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

“ဝန်ကြီးတို့ သိထားသလောက်က ရက်အကန့်အသတ်မရှိထောင်ဒဏ်ကျခံနေရသူကို ဘယ်လိုမှအပြင်မှာ သန့်ရှင်းရေးလုပ်ဖို့ ခွင့်မပြုသင့်ဘူးပေါ့နော်၊ ဒါကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ထောင်မှူးက မသိလို့ လုပ်တာလား၊ သိလို့လုပ်တာလားဆိုတာ သံသယလေးတော့ရှိတယ်ပေါ့နော်”ဟု ယင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောဆိုသည်။

လတ်တလော ထောင်မှူးကို ဦးစွာစစ်ဆေးနေပြီး သက်ဆိုင်ရာတာဝန်ကျ ထောင်ဝန်ထမ်းများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ဥပဒေရေးရာတာဝန်ရှိသူများက ဘားအံမြို့နယ်ရှိ တောင်ကလေးအကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ကြောင်း ဦးတေဇထွဋ်လှိုင်ထွေးက ဆိုသည်။

ဘားအံအကျဉ်းထောင်၌ အပြင်ထောင်မှူးအထိ သန့်ရှင်းရေးလုပ်ခိုင်းခြင်းမျိုး ခိုင်းစေသည့် အလေ့အထမရှိဘဲ ယခုကဲ့သို့ ထောင်ကျနေသည့် လူများစွာကို ထောင်ဝင်းအတွင်း အတူတကွ လွှတ်ထားလေ့မရှိကြောင်း ယင်းထောင်တွင် ကျခဲ့ဖူးသူများက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ အဲဒီထောင်မှာပဲနေခဲ့ရတယ်၊ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အပြင်ထောင်ဘူးကို သန့်ရှင်းရေးအတွက်ဆိုပြီး လွှတ်လေ့မရှိဘူး၊ နောက်ပြီး ခုအရေအတွက်က ၄၀ ကျော်ဆိုတော့ ဒါက ကြိုတင်ပူးပေါင်းကြံစည်တာလို့ ပြောလို့ရတယ်၊ ဘားအံမြို့ကို ဆူပူအောင်လုပ်ဖို့လား စဉ်းစားစရာဖြစ်နေတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့ အဖွဲ့အစည်း (ဘားအံ) တာဝန်ခံ ဦးမြင့်အောင်က မှတ်ချက်ပြုပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဘားအံအကျဉ်းထောင်အတွင်း သန့်ရှင်းရေးလုပ်နေစဉ် အမှိုက်သိမ်းသည့်ကားကို လုယူထွက်ပြေးခဲ့သည့် အကျဉ်းသား ၄၁ ဦးအနက် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ၁ ဦး ထပ်မံဖမ်းမိသဖြင့် အကျဉ်းသားစုစုပေါင်း ၂၂ ဦးအထိ ဖမ်းမိထားပြီး ယင်းသို့ထွက်ပြေးရာတွင် ခေါင်းဆောင်သူ ကျော်မိန်လ (ခ) အရှောင် (ခ) ကျော်ဖကုလား (ခ) မိန်လှအပါအဝင် ၂ ဦးကို အသေဖမ်းမိခဲ့သည်။ 

R-07