News

POST TYPE

NEWS

MLM လုပ်ငန်းများကို အစိုးရ စတင်တားမြစ်
19-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၈

ပြည်သူလူထုကြား အငြင်းပွားနေသည့် ဆင့်ပွားဈေးကွက်ဖြန့်ချိရေး (MLM) လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရန် အစိုးရက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ စတင်တားမြစ်လိုက်သည်။

ဆိုပါလုပ်ငန်းများ လုပ်ကိုင်သည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်သက်ထားက ပြောကြားသည်။

“မနေ့ (စက်တင်ဘာ ၁၇) ကမှ အစည်းအဝေးလုပ်ပြီး ဒီနေ့ထုတ်ပြန်လိုက်တာ၊ MLM လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တဲ့ကိစ္စကိုလည်း ပြည်သူတွေသိအောင် ကြေညာပေးသွားမယ်၊ ဆက်လုပ်နေတာ စစ်ဆေးတွေ့ရှိရင်လည်း ဥပဒေအရ အရေးယူသွားမယ်” ဟု ဒေါ်ခင်သက်ထားက ပြောဆိုသည်။ 

အစိုးရက အရေးကြီးကုန်စည်အဖြစ် သတ်မှတ်သောကုန်စည်နှင့် ဝန်ဆောင်မှုကို ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ခြင်း၊ စားသုံးခြင်း၊ တင်ပို့ခြင်းများလုပ်ဆောင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင် ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်သည်။ 

ကုမ္ပဏီမှတ်ပုံတင်ကာ MLM လုပ်ငန်းများလုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) အနေနှင့် ကုမ္ပဏီများ မှတ်ပုံတင်ပေးခြင်းကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး မည်သည့်လုပ်ငန်းဆက်လက်ဆောင်ရွက်သည်မှာ ဝန်ကြီးဌာနများနှင့်သာ တိုက်ရိုက်သက်ဆိုင်မှုရှိကြောင်း DICA ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

MLM လုပ်ငန်းများနှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “MLM က ကောင်းတာတွေလည်းရှိတယ်၊ မကောင်းတာတွေလည်းရှိတယ်၊ နိုင်ငံကြီးတွေမှာလည်း လုပ်နေကြတာပါ၊ ဒါပေမဲ့ မကောင်းတာတွေက များလာတယ်၊ ဥပဒေနဲ့မညီတာတွေ ရှိလာတဲ့အတွက် တိုင်တာတောတာတွေဖြစ်လာတဲ့အတွက် တားမြစ်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု သုံးသပ်သည်။

MLM လုပ်ငန်းများကို လုပ်ကိုင်ခွင့်တားမြစ်လိုက်ခြင်းနှင့်ပတ်သက်၍ လက်ရှိလုပ်ကိုင်နေသည့် MLM လုပ်ငန်းများကိုလည်း လုပ်ငန်းရပ်ဆိုင်းရန် စာပို့အကြောင်း ကြားထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

J-11