News

POST TYPE

NEWS

ဘိုကလေးတွင် အချုပ်သား ၃ ဦးထွက်ပြေး၊ မုဒိန်းမှုဖြင့် ဖမ်းဆီးခံထားရသူ လွတ်မြောက်နေ
18-Sep-2018

ပုသိမ်၊ စက်တင်ဘာ ၁၈

ဘိုကလေးမြို့မရဲစခန်းတွင် ယနေ့ နံနက် ၃ နာရီခန့်က အချုပ်သား ၃ ဦး ထွက်ပြေးခဲ့ရာ နှစ်ဦးပြန်ဖမ်းမိထားပြီဖြစ်သော်လည်း ဓမ္မတာနှင့်ဆန့်ကျင်သော အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

ထွက်ပြေးသူ ၃ ဦးအနက် အချုပ်ကျရဲတပ်သားတစ်ဦးလည်းပါဝင်သည်။ ၎င်းတို့ ၃ ဦးသည် အမှုစစ်ဆေးဆဲအချုပ်ကျနေသူများဖြစ်သည်။ ရဲတပ်သား အာကာဂျူး (၂၃ နှစ်)နှင့် ပိုးဖြူ(၁၉ နှစ်) ကို ပြန်ဖမ်းမိထားသော်လည်း မုဒိန်းမှုဖြင့် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သူ လှနိုင်ဦး (၃၃ နှစ်) လွတ်မြောက်နေဆဲဖြစ်သည်။

အချုပ်သားများသည် အချုပ်ခန်း အမှတ် (၂)၊ မြေပြင် အမြင့် ၃ပေရှိ (၄×၂) လက်မ သစ်သားတိုင်ကို သံဖြတ်လွှဖြင့်ဖြတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်းနှင့် လွတ်နေသူကို လိုက်ဖမ်းနေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုရဲမှူးကြီးထွန်းရွှေက ပြောဆိုသည်။

ရဲတပ်သား အာကာဂျူးကို ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄၊ လှနိုင်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ ရဲစစ်ဆေးနေဆဲ အချုပ်သားများဖြစ်ပြီး ပိုးဖြူကိုမူ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် တရားရုံးတွင် စစ်ဆေးနေဆဲ အချုပ်သားများဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-12