News

POST TYPE

NEWS

တနင်္သာရီဂျာနယ်အမှု အောက်တိုဘာလ ၁ ရက်တွင် စွဲချက်တင်၊ မတင် အမိန့်ချမည်
18-Sep-2018



ထားဝယ်၊ စက်တင်ဘာ ၁၇

တနင်္သာရီဂျာနယ်တွင် “မဲဆွယ်အပြုံး” အမည်ရ သရော်စာ ဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုကို အောက်တိုဘာလ ၁ ရက်တွင် ထားဝယ်မြို့နယ်တရားရုံးက စွဲချက်တင် သင့်၊ မသင့် အမိန့်ချမည်ဖြစ်သည်။

မြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၁၇ ရက်က နှစ်ဖက်လျှောက်လဲချက်ကို ကြားနာပြီးနောက် စွဲချက်တင်၊ မတင် အမိန့်ချရန် ပြန်ချိန်းလိုက်ကြောင်း တနင်္သာရီ ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။

လက်ရှိရုံးချိန်းက ၂၄ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး တိုင်းအစိုးရဘက်မှ ဥပဒေအရာရှိက လျှောက်လဲခဲ့သည်။

မဲဆွယ်အပြုံး သရော်စာ ရေးသားဖော်ပြမှုအပေါ် တရားစွဲဆိုရာတွင် တရားလိုနှင့် တရားလိုပြသက်သေတို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဇာအာဏာ လွှမ်းမိုးမှုအောက်တွင် ရှိနေသူနှင့် လက်ရှိ အာဏာရပါတီဖြစ်သည့် NLD ပါတီ၏ လောင်းရိပ်အောက်တွင် ရှိနေသူများ ဖြစ်နေသည်ဟု လျှောက်လဲခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ သူတို့ရဲ့ သဘောဆန္ဒတွေကို လွတ်လွတ်လပ်လပ် လာပြီးတော့ သက်သေထွက်ဆိုနိုင်ခဲ့တဲ့ ပြည်သူလူထုဆိုတာ သူတို့ဘက်က တစ်ယောက်မှ တင်ပြနိုင်ခဲ့ခြင်း မရှိခဲ့ဘူး၊ အဲဒီအကြောင်းတွေကို တရားခွင်မှာ လျှောက်လဲချက် ပေးထားပါတယ်”ဟု အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိုးတို့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားသည်။

တရားရုံးအနေဖြင့် ဥပဒေအကိုး အကားများအပြင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ သရော်စာ၏ သဘောသဘာဝများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်မည်ဟု မျှော်လင့်ထားကြောင်း တနင်္သာရီအပတ်စဉ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။

မြို့နယ်တရားရုံးတွင် ၁၅ ချိန်းမြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် အမှုပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှာက်ထားခဲ့ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက် နေ့တွင်အမှုအား မပယ်ဖျက်ရန် “ပလပ်” အမိန့်ချမှတ်ခဲ့သည်။

တိုင်းတရားလွှတ်တော်က အမှုကို မပယ်ဖျက်ရန် “ပလပ်” အမိန့်ချလိုက်သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ချေဖျက်ပေးရန် ဩဂုတ်လ ၁၄ ရက်က ထပ်မံလျှောက်ထားခဲ့သည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

တနင်္သာရီ အပတ်စဉ်သည် တနင်္သာရီတိုင်းအခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ် ထုတ်သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။