POST TYPE

NEWS

သနပ်ပင်တရားရုံးတာဝန်ရှိသူများကို ဒေသခံများဆန္ဒပြ
18-Sep-2018



တောင်ငူ၊ စက်တင်ဘာ ၁၇

ပဲခူးတိုင်း သနပ်ပင်မြို့နယ် တရားရေးရုံးမှ တာဝန်ရှိသူများ မြေအပ်ဝရမ်းအပ်ရာတွင် ဥပဒေဘောင် ကျော်လွန်ခဲ့သည်ဟုဆိုပြီး သနပ်ပင်ဒေသခံ ၁၀၀ ကျော်က စက်တင်ဘာလ ၁၇ ရက်နေ့နံနက်ပိုင်းက ယင်းမြို့အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲဦးဆောင်သူများထံမှ သိရသည်။

သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီး ကျေးရွာရှိ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က အငြင်းပွားခဲ့ပြီးနောက် သနပ်ပင်တရားရုံးတွင် အမှုစစ်ဆေးရာ လက်ရှိနေအိမ်တွင် နေထိုင်သူများ ပြီးခဲ့သည့်ရက်ပိုင်းက တရားရှုံးခဲ့ကြောင်း၊ မြေအပ်ဝရမ်းထုတ်ပြန်ချိန်၌ တာဝန်ရှိသူ ဒုတိယမြို့နယ် တရားသူကြီးက အိမ်ပေါ်တက်ပြီး ပစ္စည်းများဆွဲချခဲ့ကြောင်း နေအိမ်မိသားစုဝင်များက စွပ်စွဲပြောဆိုသည်။

“သနပ်ပင်တရားရုံးက မြေယာပိုင်ဆိုင်မှု ပြဿနာကို ပြီးခဲ့တဲ့ရက်ပိုင်းက အမိန့်ချပြီး တရားရှုံးသူအိမ်ကို မြေအပ်ဝရမ်းထုတ်ပြန်တယ်။ အဲဒီချိန်မှာ ဒုတိယမြို့နယ်တရားသူကြီး ကိုယ်တိုင်အိမ်ပေါ်တက် ပစ္စည်းဆွဲချတာမျိုးလုပ်တယ်။ ဒါဟာ ဥပဒေဘောင်ကို ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်လို့ ဆန္ဒဖော်ထုတ်တောင်းဆိုရတာဖြစ်ပါတယ်”ဟု ဦးဆောင်သူ ဦးလေးနိုင်က ပြောကြားသည်။

ကျိုက်ပဒိုင်ကြီးကျေးရွာနေ တရားရှုံးမိသားစုသည် ၂၀၁၆ ခုနှစ် မေလ ၁၈ နေ့က တိုင်းအဆင့်တရားရုံးအထိ တရားရင်ဆိုင်ရှုံးနိမ့်ခဲ့ပြီးဖြစ်ပြီး ယခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့က မြေအပ်ဝရမ်းအပ်နှံဖယ်ရှားစဉ် တာဝန်ရှိသူ တရားရုံးဝန်ထမ်းများပါဝင်သည့် ဘီလစ်အဖွဲ့ဝင်များကို တရားရှုံးမိသားစုဝင်များက ရေနွေးဖြင့်ပတ်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ဆဲဆိုရန် ပြုခြင်းများပြုလုပ်ခဲ့ကြောင်း သနပ်ပင်မြို့နယ် တရားသူကြီး ဦးကျော်ဇင်နိုင်က ပြောကြားသည်။

“အခင်းဖြစ်တဲ့နေရာမှာပဲ မြေအပ်ဝရမ်းလက်ရောက် ပေးအပ်ဖယ်ရှားရှင်းလင်းခဲ့ပြီးပါပြီ။ တာဝန်ရှိသူတွေကို ကျူးလွန်တဲ့ကိစ္စတွေကိုလည်း အစီရင်ခံစာတက်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများသည် သနပ်ပင်မြို့တွင်းလမ်းမများပေါ် လမ်းလျှောက်ချီတက်ကာ မြို့နယ်တရားရုံးရှေ့ရောက်ရှိချိန် ဆွေးနွေးဟောပြောမှုများ၊ ကြွေးကြော်သံများဖြင့် တရားသူကြီးနှင့် ရဲတပ်ဖွဲ့ကို အရေးယူပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက် ၁၁ နာရီခွဲခန့်တွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။

R-15