News

POST TYPE

NEWS

ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှု ၄ ဆကျော်မြင့်တက်
18-Sep-2018

ပုသိမ်၊ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း မြစ်ရေတိုက်စားသည့်အတွက် မြစ်ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် ၄ ဆကျော်မြင့်တက်ကြောင်း ယင်းတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံမှ သိရသည်။

၂၀၁၆ ဧပြီမှ ၂၀၁၇ မတ်လအထိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ၅၇ ကြိမ်သာဖြစ်ခဲ့သော်လည်း ၂၀၁၇ ဧပြီမှ ၂၀၁၈ ဩဂုတ်လအထိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ၂၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

“ဧရာဝတီ မြစ်ရေတိုက်စားတာကြောင့် ဟင်္သာတခရိုင်အတွင်းက မြို့တွေ၊ ရွာတွေမှာ အများဆုံးကမ်းပြိုမှုတွေဖြစ်ပေါ်တာ တွေ့ရတယ်၊ ဒုတိယအများဆုံးကတော့ တိုးမြစ်ရေတိုက်စားတာခံရတဲ့ မအူပင်ခရိုင်အတွင်းက မြို့ရွာတွေပါ” ဟု ဧရာဝတီတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

ယခုနှစ် ဩဂုတ်တစ်လအတွင်း ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းသည့် ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကြံခင်းစသည့် မြို့နယ်များတွင်ကမ်းပြိုမှု ၁၉၁ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တိုးမြစ်ဖြတ်သန်းစီးဆင်းသည့် မအူပင်ခရိုင်အတွင်းရှိ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်မြို့နယ်များတွင်ကမ်းပြိုမှု ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင်တို့တွင် ကမ်းပြိုမှုအကြိမ်ရေ အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး ဖျာပုံခရိုင်အတွင်း လုံးဝဖြစ်ပွားခဲ့ခြင်းမရှိကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

“ကမ်းပြိုရတဲ့ အဓိကအကြောင်းရင်းက မြစ်သဲကျောက်ထုတ်လုပ်တာမှာ စည်းမဲ့ကမ်းမဲ့ထုတ်လုပ်ခဲ့တာတွေကြောင့် နှစ်ကာလကြာရှည်လာတော့ မြစ်ရေစီးကြောင်းတွေပြောင်းပြီး ကမ်းပြိုကျမှုတွေ ပိုများလာတယ်၊ ရေလမ်းကြောင်းပြောင်းတာ ကမ်းတားကမ်းစည်းလုပ်ပြီး ကမ်းမပြိုအောင်လုပ်ကြပေမယ့် မရဘူးလေ၊ ပန်းတနော်၊ ညောင်တုန်းအကြားက ရွှေဖလားကျွန်းရွာဆို ရွာလိုက်ကိုပြောင်းရွှေ့လိုက်ရတယ်”ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက The Voice သတင်းစာသို့ ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း ၂၀၁၅ ခုနှစ် အတွင်းမှစတင်၍ ကမ်းပါးပြိုကျမှု ပိုမိုများလာခဲ့ပြီး ထို့ကြောင့်ပြောင်းရွှေ့ရသူများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးကြောင်း၊ နေအိမ်ပြောင်းရွှေ့စရိတ်နှင့် အိမ်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ အများဆုံးကျပ် ၂ သိန်းအထိကူညီထောက်ပံ့ကြောင်း ယင်းဌာနထံမှ သိရသည်။

R-12