News

POST TYPE

NEWS

ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် အင်းကော်မတီကို အရေးယူပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံတိုင်ကြား
18-Sep-2018
ဟင်္သာတ၊ စက်တင်ဘာ ၁၇

တရားမဝင်ငါးဖမ်းနေမှုများကို စိစစ်အရေးယူပေးရန် နှောင့်နှေးသည်ဟုဆိုကာ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးအပါအဝင် ဟင်္သာတမြို့နယ်၊ အင်းတင်ဒါ စိစစ်ရေးကော်မတီဥက္ကဋ္ဌတို့ကို စစ်ဆေးအရေးယူပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ ရေလုပ်သားများက တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူ ရေလုပ်သားအဖွဲ့အတွင်းရေးမှူး ဦးစိန်ဝင်းက ပြောကြားသည်။

တ/ဆင်မသေအုပ်စု သဲဖြူဂရမ်အင်း၌ တရားမဝင်ငါးရှာဖွေသူများအဖွဲ့ကို ဖမ်းဆီးစစ်ဆေးအရေးယူပေးရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အင်းတင်ဒါစိစစ်ရေးကော်မတီထံသို့ ယခုနှစ် ဩဂုတ်လအတွင်းက လေးကြိမ်တိုင်ကြားခဲ့ကြောင်း၊ အဆိုပါတိုင်ကြားမှုအပေါ် တာဝန်ရှိသူများ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင်ငါးဖမ်းနေသည်ကိုတွေ့ရှိခဲ့သော်လည်း ရေချိုငါးလုပ်ငန်းဥပဒေနှင့် အရေးယူရန်မူ ယခုအချိန်အထိ နှောင့်နှေးနေဆဲဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

“ကျွန်တော်တို့မှာ ရေလုပ်သား ၄၄ ယောက်နဲ့ဖွဲ့စည်းထားတဲ့ အစုအဖွဲ့ရှိပါတယ်။ ငါးဖမ်းရမှာက တော်သလင်းလပြည့်ရောက်မှပါ။ အခုငါးဖမ်းတာက ဝါခေါင်လဆန်း ၁ ရက်နေ့တည်းကပါ တခြားမလိုအပ်တဲ့ ဆယ်ချက်တွေလည်း သုံးထားတယ်”ဟု ရေလုပ်သားခေါင်းဆောင် ဦးစံဝင်းက ဆိုသည်။

တရားမဝင်ငါးဖမ်းသည်ဟုတိုင် ကြားခံရသူများမှာ လုပ်ပိုင်ခွင့်ရရေလုပ်သား အဖွဲ့များဖြစ်ပြီး ဒေသခံများတိုင်ကြားမှုအပေါ် သွားရောက်စစ်ဆေးကာ မလိုအပ်သည့်ဆယ်ချက်များ အမြန်ဆုံးဖျက်သိမ်းရန် ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော်ထွန်းက စီမံညွှန်ကြားခဲ့ကြောင်း၊ ယင်းကဲ့သို့ ညွှန်ကြားခဲ့မှုအပေါ် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးထံ ပြန်လည်တင်ပြထားခဲ့ပြီး အဆိုပါ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးသည် ပင်စင်ယူသွားပြီဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းရီစိုးက ပြောကြားသည်။

R-13