News

POST TYPE

NEWS

စာပေနိုဘယ်လ်ဆု နေရာအစားထိုးပေးအပ်မည့် စာပေအကယ်ဒမီဆု ဆန်ခါတင်စာရင်းမှ ဖယ်ရှားပေးရန် ဂျပန်စာရေးဆရာမူရာကာမိ တောင်းဆို
18-Sep-2018



တိုကျို၊ စက်တင်ဘာ ၁၇

ယခုနှစ်အတွင်းချီးမြှင့်နိုင်ခြင်းမရှိသော စာပေနိုဘယ်လ်ဆုနေရာအစားထိုးပေးအပ်မည့် စာပေအကယ်ဒမီဆုအတွက် ဆန်ခါတင်စာရင်းတွင် ထည့်သွင်းခံထားရမှုမှ ဖယ်ရှားပေးရန် ဂျပန်စာရေးဆရာ ဟရုကိမူရာကာမိက တောင်းဆိုခဲ့ပြီး စာရေးသားမှုအပေါ်တွင်သာ အာရုံစိုက်လိုက်သည်ဟု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံတွင်သာမှ ကမ္ဘာတွင်ပါ ထင်ရှားသည့် အအောင်မြင်ဆုံးစာရေးဆရာများအနက်မှ တစ်ဦးဖြစ်သူမူရာကာမိသည် စာပေနိုဘယ်လ်ဆုရမည်ဟု နှစ်စဉ်သတင်းကြီးခဲ့သူဖြစ်သည်။

စာပေနိုဘယ်လ်ဆုချီးမြှင့်သည့် ဆွီးဒစ်ရှ် အကယ်ဒမီအတွင်း လိင်ကိစ္စအရှုပ်တော်ပုံများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယခုနှစ်အတွက် စာပေနိုဘယ်လ်ဆု မချီးမြှင့်နိုင်ခဲ့ဘဲ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဆွီဒင်စာပေအနုပညာနယ်ပယ်စုံမှ ပညာရှင်အဖွဲ့တစ်ဖွဲ့က အစားထိုးဆုတစ်ခုကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။

ယခုဆုအတွက် အဆိုပြုခံရခြင်းအပေါ် အထူးကျေးဇူးတင်သော်လည်း စာရေးသားမှုအပေါ်တွင်သာ အာရုံစိုက်လိုက်ပြီး မီဒီယာအာရုံစိုက်မခံလိုကြောင်း မူရာကာမိက အကြောင်းကြားခဲ့သည်ဟု စာပေအကယ်ဒမီဆုသစ် (New Academy Prize in Literature) ရွေးချယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ မူရာကာမိက၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခုဆုအတွက် အခြားအမည်စာရင်းတင်သွင်းခံရသူများမှာ ဗြိတိန်နွယ်ဖွား စာရေးဆရာ နီးလ်ဂိုင်မန်၊ ဂွာဒီလုဖွား စာရေးဆရာ မေရီဆီကွန်ဒီနှင့် ဗီယက်နမ်ဖွား စာရေးဆရာ ကင်မ်သွေ (Kim Thuy) တို့ဖြစ်သည်။ ယင်းစာရင်းတင်သွင်းခံရသူများမှာမူ လက်ခံထားကြကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာထားသည်။ အောက်တိုဘာလတွင် ဆုရရှိသူအမည်ကို ကြေညာမည်ဖြစ်သည်။

F-03