News

POST TYPE

NEWS

အီးယူထဲသို့ ရွှေ့ပြောင်းအခြေချသူများဝင်ရောက်မှု ပိတ်ဆို့ဟန့်တားရန် ဂျာမန်အဓိပတိနှင့် ဩစတြီးယား လက်ယာစွန်းခေါင်းဆောင်တို့ သဘောတူ
18-Sep-2018


ဘာလင်၊ စက်တင်ဘာ ၁၇ 

ဥရောပသမဂ္ဂ (အီးယူ) ထဲသို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို ပိတ်ဆို့ပြီး အီးယူ၏ နယ်စပ်ဒေသများ လုံခြုံမှုတိုးမြှင့်ရန် ဂျာမနီနိုင်ငံအဓိပတိ အန်ဂလာမာကယ်လ်နှင့် ဩစတြီးယား နိုင်ငံ၏ လက်ယာစွန်းခေါင်းဆောင် ဆဘား စတိန်းကွတ်ဇ်တို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ဥရောပဒေသထဲသို့ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာမှ ရွှေ့ပြောင်းအခြေချသူများနှင့် စစ်ဘေးဒုက္ခသည်များ အဆမတန် ဝင်ရောက်နေမှုနှင့်ပတ်သက်၍ အီးယူခေါင်းဆောင်များအနေနှင့် ဖိအားပေးမှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး လက်ယာစွန်းခေါင်းဆောင်ဖြစ်သော စဘားစတိန်းကွတ်ဇ်သည် ဂျာမန်ခေါင်းဆောင်အန်ဂလာမာကယ်လ်နှင့် တနင်္ဂနွေနေ့က ဘာလင်မြို့တွင်တွေ့ဆုံရာ၌ အီးယူထဲသို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှု ပိတ်ဆို့ရေးနှင့် အီးယူနယ်စပ်ဒေသ စီမံခန့်ခွဲရေး အေဂျင်စီဖြစ်သော Frontex ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို သဘောတူညီခဲ့ကြသည်။ 

မာကယ်လ်နှင့် ဆဘားစတိန်းကွတ်ဇ်တို့သည် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုပိတ်ဆို့ရေးအတွက် အာဖရိကနိုင်ငံအများစုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

ထို့ပြင် လာမည့် ၂၀၂၀ ပြည့်နှစ်မှစ၍ Frontex တွင် အမှုထမ်း ၁၀၀၀၀ အထိ တိုးမြှင့်သွားမည့် အီးယူကော်မရှင် ဥက္ကဋ္ဌ၏ အစီအစဉ်ကိုလည်း ၎င်းတို့နှစ်ဦးစလုံးက လက်ခံကြိုဆိုကြသည်။ 

မာကယ်လ်နှင့် ဆဘားစတိန်းကွတ်ဇ်တို့သည် ယခင်က ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုနှင့်ပတ်သက်၍ အခြေတင်ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စဘားစတိန်းကွတ်ဇ်က ရွှေ့ပြောင်းအခြေချမှုအပေါ် ထားရှိသည့် ဂျာမနီအစိုးရ၏ တင်းမာသည့်သဘောထားကို လက်ခံလာသည်။ ယင်းသို့ ဂျာမန်အစိုးရအနေနှင့် တင်းမာပြတ်သားသည့် သဘောထားမျိုး ကျင့်သုံးလာအောင် ဂျာမနီပြည်ထဲရေး ဝန်ကြီး ဟော့ဇ်ဆီးဟော့ဖာက အစွမ်းကုန် ကြိုးပမ်းခဲ့သည်ဟုလည်း ဂျာမန်မီဒီယာများက ဆိုသည်။ 

အန်ဂလာမာကယ်လ်နှင့် ဆဘားစတိန်းကွတ်ဇ်တို့မတွေ့ဆုံမီ ဩစတြီးယားအစိုးရပြောရေးဆိုခွင့်ရှိသူက အီးယူနယ်စပ်ဒေသများ လုံခြုံရေးကိစ္စကို နှစ်နိုင်ငံခေါင်းဆောင်တို့ အလေးထားဆွေးနွေးကြလိမ့်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

“အီးယူရဲ့ အပြင်စည်းကို သေသေချာချာ ကာကွယ်ပေးနိုင်တဲ့စနစ် မရှိသေးသရွေ့ ဥရောပနယ်စပ်ဒေသတွေကို ဖွင့်ထားမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် Frontex ကို အားကောင်းလာအောင် လုပ်ဖို့က အဓိကအရေးကြီးကိစ္စလို့ပဲ ဆိုရမှာပါပဲ” ဟု ဆဘားစတိန်းကွတ်ဇ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

ဆဘားစတိန်းကွတ်ဇ်ကမူ “ကျွန်တော်တို့ရလိုက်တဲ့ အရေးကြီးသဘောတူညီချက်ကို အသေးစိတ်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။ 

ထို့ပြင် အီးယူ-အာဖရိက ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကိုလည်း ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီနှင့်အတူ ဗီယင်နာတွင် လာမည့်ဒီဇင်ဘာလ၌ ကျင်းပသွားမည်ဟု ဆဘားစတိန်းကွတ်ဇ်က ကြေညာသည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲသည် အီးယူထဲသို့ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်မှုကို ဟန့်တားနိုင်ရေးအတွက် များစွာအထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရသည်။ 

လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌရာထူးကို ရယူထားသည့် ဩစတြီးယားနိုင်ငံသည် ဥရောပထဲသို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုကို အဓိကမောင်းနှင့်သည့်အရေးကိစ္စရပ်များအား တိုက်ဖျက်ရေးအတွက် ဥရောပနှင့် အာဖရိကတိုက်နှစ်တိုက်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ကြေညာထားသည်။ 

အန်ဂလာမာကယ်လ်ကမူ အာဖရိကနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းကာ ရွှေ့ပြောင်းအခြေချသူများကိစ္စကို ဖြေရှင်းသွားရေးသည် အထူးအရေးကြီးသည်ဟု ဆိုသည်။

F-01