News

POST TYPE

NEWS

ILBC ကျောင်းကို သက်တမ်းတိုးခွင့် ပြု၊ မပြု ညှိနှိုင်းဆဲဟု လူမှုရေးဝန်ကြီး ပြောကြား
18-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၇

ယာဉ်ကြောကျပ်တည်းမှုကြောင့် ရန်ကုန်မြို့ရှိ ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ မူကြိုအရွယ်၊ မူလတန်းအရွယ် ကျောင်းသားတစ်ထောင်နီးပါးရှိသည့် ILBC ကျောင်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် သက်တမ်းတိုးခွင့် ပြု၊ မပြုနှင့် ပတ်သက်၍ ညှိနှိုင်းနေကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ “ယခုနှစ် ပညာသင်နှစ်၌ သက်တမ်းတိုးခွင့်ပြုသည့် ကိုယ်ပိုင်ကျောင်း များအနက် ဖွင့်လှစ်ခွင့်ပြုတာ ကြာပြီဖြစ်သည့် ILBC ကျောင်း ပါပါသလား၊ မပါပါက ဘာကြောင့်ပါလဲ”ဟု ဖြည့်စွက်မေးခွန်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းနဲ့ ပတ်သက်ပြီးတော့ အဓိက ILBC ကျောင်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခုလက်ရှိတော့ ခွင့်ပြုထားတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ပြန်လည်စိစစ်ပြီးမှ ဖြေကြားနိုင်မှာ ဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုသည်။

၂၀၁၈-၂၀၁၉ ခုနှစ်၌ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သက်တမ်းတိုးခွင့်ပြုခဲ့သည့် ကိုယ်ပိုင်ကျောင်းများအနက် ယခင်နှစ်က စမ်းသပ် ၁ နှစ် ဖွင့်ခွင့်ရခဲ့ပြီး ယခုနှစ်တွင် စမ်းသပ် ၁ နှစ် ဆက်လက်ဖွင့်လှစ်ခွင့်ရ ကျောင်းပေါင်း ၅၀ ရှိကြောင်း ယခင်နှစ်က ယာယီ ၂ နှစ် ဖွင့်ခွင့်ရခဲ့ပြီး ယာယီ ၂ နှစ် ထပ်မံဖွင့်ခွင့်ရကျောင်း ၆၀ ကျောင်းရှိကာ သက်တမ်းကျန်ကျောင်း ၇၉ ကျောင်း ရှိကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ 

“ILBC ကျောင်းအနေနဲ့ ယာဉ်ကြောပိတ်ဆို့တာလေးကို ကြည့်ပြီးတော့ သက်တမ်းမတိုးဘူးလို့ ကြားရတယ်။ သက်တမ်းမတိုးဘူးဆိုရင်တော့ ကလေးတွေ ပညာရေးအတွက် ရင်လေးစရာဖြစ်တာပေါ့။ ကျွန်တော်တို့ သက်တမ်းတိုးတယ် ဆိုတာလည်း ယစ်မျိုးလိုင်စင်တို့၊ အရက်ဆိုင်တို့ တိုးတာ မဟုတ်ပါဘူးလေ”ဟု ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။

ထို့အပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနမှ ဖွင့်ခွင့်ပြုထားသည့် မူ/လယ်/ထက် ကိုယ်ပိုင်ကျောင်းပေါင်း ၂၅၇ ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရ အထက်တန်းပြ ၁၃၅၇ ဦး၊ အလယ်တန်းပြ ၈၅၂ ဦး၊ မူလတန်းပြ ၈၁၀ ဦးတို့ဖြင့် အသီးသီးရှိကြောင်း လွှတ်တော်၌ ဖြေကြားသည့် အချက်အလက်များအရ သိရသည်။

အလားတူ ကိုယ်ပိုင်ကျောင်း၌ ပညာသင်ကြားနေသော အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၂,၁၇၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၃၆,၀၁ ဦး၊ အပါအဝင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၁,၄၇၉ ဦး ပညာသင်ကြားလျက်ရှိသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင်ကျောင်းမှ ရငွေဖြင့် နိုင်ငံတော်သို့ပေးသွင်းခဲ့သည့် အသစ်ဖွင့်ခွင့်ရ ၁၉ ကျောင်းမှ ၉၅ သိန်းကျပ်အပြင် နှစ်စဉ်ကြေး တစ်နှစ်စာအတွက် ၅၇ သိန်း ရရှိခဲ့ပြီး စမ်းသပ် တစ်နှစ်သက်တမ်းတိုး ဖွင့်ခွင့်ရ ကျောင်း ၅၀ မှ ကျပ်သိန်း ၁၅၀၊ ယာယီ ၂ နှစ် သက်တမ်းတိုးဖွင့်ခွင့်ရ ကျောင်း ၆၀ ကျောင်းမှ နှစ်စဉ်ကြေး ၂ နှစ်စာ အတွက် တစ်ကျောင်းလျှင် ၆ သိန်းကျပ်မှ စုစုပေါင်း ကျပ်သိန်း ၃၆၀ အပါအဝင် ကျပ်သိန်း ၆၆၂ ကောက်ခံရရှိပြီး ပညာရေးဝန်ကြီးဌာနအနေနှင့် ကိုယ်ပိုင်ကျောင်းများမှ အခွန်ကောက်ယူခြင်းမရှိကြောင်း ဦးနိုင်ငံလင်းက ဆိုသည်။

J-17