News

POST TYPE

NEWS

နိုင်ငံကူး နယ်စပ်ဖြတ် စာအုပ်တွင် ကလေးဓာတ်ပုံ ပူးတွဲပါမှ ထိုင်းသို့ကလေးခေါ်ခွင့်ပြု
17-Sep-2018


ကော့သောင်း ၊ စက်တင်ဘာ ၁၆

နိုင်ငံကူးလက်မှတ်စာအုပ်များတွင် ကလေးငယ် ဓာတ်ပုံမပါပါက ထိုင်းနိုင်ငံအတွင်းသို့ ကလေးခေါ်ဆောင်ခွင့်မပြုဘဲ ထိုင်းနိုင်ငံ ရနောင်းဘက်က မြန်မာဘက် ပြန်လွှတ်နေကြောင်း ကော့သောင်း-ရနောင်း ပဲ့ချိတ်မောင်းနေသူများထံမှ သိရသည်။ 

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်ကြမည့် ခရီးသည်များသည် မိမိတို့၏ အသက် ၁၂ နှစ်အောက် ကလေးငယ်များကို ခေါ်ဆောင်သွားမည်ဆိုပါက နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များဖြင့်သည့် နိုင်ငံကူးလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် စာအုပ်များတွင် ခေါ်သွားမည့် ကလေးဓာတ်ပုံပူးတွဲပါမှသာ ထိုင်းဘက်က ထိုင်းနိုင်ငံအတွင်း ခေါ်ဆောင်ခွင့်ပြုကြောင်း သိရသည်။

“ထိုင်းရေပိုင်နက်အဝင်မှာရှိတဲ့ စစ်တပ်ဂိတ်က စစ်ဆေးတဲ့အခါ ကိုယ့်ကလေးမှန်ကန်ကြောင်း အထောက်အထားမပြနိုင်ရင် ကလေးခေါ်ဆောင်ခွင့်မပြုဘူး၊ လှည့်ပြန်ခိုင်းပြီး အထောက်အထား လုပ်ခိုင်းတယ်”ဟု ပဲ့ချိတ်သမား ဦးစိုးသိန်းက ဆိုသည်။

ခရီးသည်များနှင့် ပဲ့ချိတ်သမားများ သိရှိစေရန် အဆိုပါစည်းကမ်းချက်များ ရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို စက်တင်ဘာလ ၁၅ ရက်က လက်မှတ်ထုတ်ပေးသည့် ရုံးအရှေ့တွင် အများပြည်သူမြင်သာအောင် ကြေညာထားသည်ဟု နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုက ဆိုသည်။ 

“မိဘတွေက ရေလယ်ကနေ ပြန်လှည့်လာပြီး စာအုပ်ပြန်လာလုပ်ရတာတွေရှိလို့ လူတိုင်းသိအောင် ကြေညာပေးထားတယ်”ဟု ၎င်းက ဆိုသည်။ 

ကလေးသူခိုးရန်မှ ကာကွယ်နိုင်ရန်နှင့် ကလေးသူငယ်များအား လိင်အကြမ်းဖက်ခြင်း၊ လူကုန်ကူးမှုမဖြစ်အောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရေးရုံးထံမှ သိရသည်။  

Dawei Watch



  • VIA