News

POST TYPE

NEWS

ဂျာမန်လူမျိုးမဟုတ်သူများကို လိုက်လံတိုက်ခိုက်သည့် လက်ယာစွန်းများကို ဂျာမနီရဲတပ်ဖွဲ့ဖမ်းဆီး
17-Sep-2018


ချမ်းမနစ်ဇ်၊ စက်တင်ဘာ ၁၆

နာဇီလက်သစ်ဟု သတ်မှတ်ခံရသည့် လက်ယာစွန်းမျိုးချစ်အင်အားစုများ၏ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်လျက်ရှိသည့် ချင်းမနစ်ဇ်မြို့တွင် နိုင်ငံခြားသားများ (ဂျာမန်လူမျိုး မဟုတ်သူများ) ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု သံသယရှိသူများကို ဂျာမန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျာမန်လူမျိုးတစ်ဦးသတ်ဖြတ်ခံရမှုကြောင့် လက်ယာစွန်းအင်အားစုများ မကျေမနပ်ဖြစ်ကာ ဆူပူအုံကြွခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်ခန့်အကြာတွင် နိုင်ငံခြားသားများအား ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ယူဆရသူများကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ချမ်းမနစ်ဇ်မြို့တွင် အမိမြေနှင့် မိမိလူမျိုးကာကွယ်ရေးဟု အမည်ရသည့် အဆိုပါလက်ယာစွန်းအုပ်စုမှ အဖွဲ့ဝင် ၁၅ ဦးခန့်ကို ရဲတပ်ဖွဲ့က လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြိုးပမ်းမှု၊ လူတစ်ဖက်သားအားနာကျင်စေမှု အစရှိသည့်ပြစ်မှုများဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဂျာမန်အစိုးရအာဏာပိုင်များက ပြောကြားသည်။

သောကြာနေ့က ပြုလုပ်ခဲ့သော လက်ယာစွန်းအင်အားစုများ ချီတက်ဆန္ဒပြပွဲနှင့်ဆက်စပ်သည့် ဖြစ်ရပ်များကို အခြေခံပြီး ယင်းသို့ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့ကဆိုသည်။ 

အဆိုပါ ချီတက်ဆန္ဒပြပွဲတွင် လူပေါင်း ၃၅၀၀ ခန့်ပါဝင်ခဲ့ပြီး ချမ်းမနစ်ဇ် မြို့ရှိ ကားလ်မာ့ခ်စ် ရုပ်တုရှေ့တွင်စုရုံးကာ မြို့လယ်ဘက်သို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ဂျာမန်ရဲတပ်ဖွဲ့များ၏အဆိုအရ လက်ယာစွန်းအမျိုးသားတစ်စုသည် ချမ်းမနစ်ဇ်မြို့လယ်ရှိ ပန်းခြံတစ်ခုတွင် နိုင်ငံခြားသားများကို သောကြာနေ့ညက ထိကပါးရိကပါးလုပ်ခြင်း၊ ရန်စခြင်း စသည်တို့ပြုလုပ်ခဲ့သည်။ 

၎င်းအုပ်စုသည် ပန်းခြံတွင်ပြုလုပ်သော မွေးနေ့ပွဲတစ်ခုကို ပစ်မှတ်ထားကာရန်စခဲ့ခြင်းဖြစ်သည်။ ဂျာမန်လူမျိုးပုံစံ မပေါက်သူများကို မှတ်ပုံတင်ကတ်ပြားထုတ်ပြရန် တောင်းဆိုခဲ့ရာ အချို့မှာ မွေးနေ့ပွဲမှထွက်ပြေးပြီးနောက် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။ 

ထို့နောက် မကြာခင်အချိန်တွင် ယင်းပန်းခြံသို့ ရဲတပ်ဖွဲ့ရောက်ရှိလာပြီး ရန်စသည့် အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ၉ ဦးကိုနောက်ဆုံးတွင် လွှတ်ပေးလိုက်သော်လည်း ခြောက်ဦးကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

အခြားသတင်းများအရ အသက် ၂၆ နှစ်အရွယ်ရှိ အီရန်လူမျိုးတစ်ဦးမှာလည်း လက်ယာစွန်းအင်အားစုများ၏ ထိုးနှက်တိုက်ခိုက်ခြင်းကြောင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိသွားခဲ့သည်။

ဂျာမနီနိုင်ငံတွင် ချင်းမနစ်ဇ်မြို့သည် လတ်တလောကာလ၌ ဆူပူအုံကြွမှုများနှင့် ပဋိပက္ခများ ဆက်တိုက်ပေါ်ပေါက်နေသောနေရာဖြစ်နေသည်။ လက်ယာစွန်းအင်အားစုများ၏ ဆန္ဒပြမှုများအဓိက ကြီးစိုးထားသည့် မြို့ဖြစ်သော်လည်း တန်ပြန်ဆန္ဒပြမှုများလည်းဆက်တိုက် ပေါ်ပေါက်ခဲ့သည်။ 

မကြာသေးခင်က ပြုလုပ်သောသုတေသနစစ်တမ်းတစ်ရပ်အရ ဂျာမနီတွင် အန်ဂလာမာကယ်လ်ဦးဆောင်သော အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် ပတ်သက်၍ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီတွင် နေထိုင်သူများအကြား သဘောထားကွဲလွဲလျက်ရှိသည်။

F-01