News

POST TYPE

NEWS

ရခိုင်ကိစ္စပေါ်ပေါက်ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲတစ်ဦးခန့်အပ်ရန် Facebook စီစဉ်
17-Sep-2018

ဝါရှင်တန်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂါလီဒုက္ခသည်များ၏ အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကောင့် (Account) အပါအဝင် အခြားစစ်ဘက်ဆိုင်ရာ အကောင့်စာမျက်နှာ အချို့ကို ပိတ်ပင်ဖယ်ရှားလိုက်ပြီးနောက် သီတင်းပတ်အတန်ကြာတွင် Facebook က ယင်းသို့သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့်ကိစ္စရပ်များကို အလေးပေးဖြေရှင်းမည့် အကြီးအကဲတစ်ဦးခန့်အပ်မည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာလိုက်ကြောင်း Sky News သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် အဆိုပါလူမှုကွန်ရက်ကိုအသုံးပြုကာ အမုန်းစကားဖြန့်ဝေမှု များစွာဖြစ်ပေါ်ခဲ့သော်လည်း ယင်းကိစ္စကို အချိန်မီတုံ့ပြန်ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အတွက် ဧရာမလူမှုကွန်ရက်ကြီးဖြစ်သော င်္Facebook ဖိအားပေးဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ 

သို့အတွက်ကြောင့် Facebook အကောင့်များကိုအသုံးပြုကာ အမုန်းစကားများဖြန့်ဝေခြင်း၊ ဆူပူအုံကြွမှုများ ဖြစ်ပေါ်အောင်လှုံ့ဆော်ခြင်း အစရှိသည်တို့ ထပ်မံ မဖြစ်ပေါ်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု Facebook က ဆိုသည်။ 

မကြာသေးခင်က အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ထွက်ဆိုရာတွင် Facebook ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က Facebook အနေနှင့် မြန်မာဘာသာစကား နားလည်တတ်ကျွမ်းသူ(မြန်မာစကားပြောသူ) အမှုထမ်းများ မရှိသလောက်နည်းပါးခဲ့ကြောင်း၊ သို့သော် လူ့အခွင့်အရေးကိစ္စကို အလေးအနက် ထားဦးစားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

မြန်မာစကားကျွမ်းကျင်သူများ မရှိခြင်းကြောင့် Facebook မှာ Moderator များအနေနှင့် ရိုဟင်ဂျာ (ဘင်္ဂါလီ) လူနည်းစုအပေါ် လူသားမဆန်စွာ ပုတ်ခတ်ပြောဆို ဖော်ပြသည့် ပို့စ်များနှင့် ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်သည့်ပို့စ်များကို လျင်မြန်စွာ မဖယ်ရှားနိုင်ခဲ့ကြောင်း စီအီးအို မာ့ခ်ဇူကာဘတ်က သုံးသပ်ခဲ့သည်။ 

ယခုခန့်အပ်မည့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာဒါရိုက်တာအနေနှင့် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများ ပေါ်ပေါက်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သလို လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်မှုများကို နှိမ်နင်းနိုင်မည့်နည်းလမ်းကိုလည်း ရှာဖွေသွားရမည်ဖြစ်သည်ဟု Facebook က ဆိုသည်။ 

မကြာသေးခင်က ကုလသမဂ္ဂက ထုတ်ပြန်သော အစီရင်ခံစာတွင် “လတ်တလောလများအတွင်း တိုးတက်မှုရှိလာသည်မှာ မှန်သော်လည်း Facebook ၏ တုံ့ပြန်မှုမှာ နှေးကွေးနေပြီး ထိရောက်မှုလည်း မရှိသေးပေ။ Facebook ပို့စ်များနှင့် မက်ဆေ့ခ်ျများက တကယ့်ပြင်ပ လောကတွင် ခွဲခြားဆက်ဆံမှုများနှင့် ဆူပူအုံကြွမှုများကို ဖြစ်ပေါ်စေခဲ့သည်ဖြစ်ရာ Facebook အနေနှင့် ဂဃဏန လေ့လာဆန်းစစ်ရမည်ဖြစ်သည်”ဟု ဖော်ပြသည်။ 

F-01