News

POST TYPE

NEWS

အမြန်လမ်းတွင် ယာဉ်ရပ်နားစခန်းငယ် ၆ ခု ထပ်ဆောက်မည်
16-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၁၆

မိုင်ပေါင်း ၃၆၆ မိုင်ရှည်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းနေရာ ၄ နေရာ၌ ယာဉ်ရပ်နားစခန်းငယ် ၆ ခုထပ်ဆောက်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးတိုးတိုးက ပြောကြားသည်။

အမြန်လမ်းတွင် ၃၈ မိုင်၊ ၁၁၅ မိုင်၊ နေပြည်တော်၊ မိတ္ထီလာ (သီးကုန်း) နှင့် မန္တလေးယာဉ်ရပ်နားစခန်းကြီး ၅ ခုရှိပြီး ၇၆ မိုင်တွင် ယာဉ်ရပ်နားစခန်းငယ် ၁ ခုရှိသည်။ ယခုထပ်ဆောက်မည့် ၆ ပြီးလျှင် ယာဉ်ရပ်နားစခန်းငယ် ၇ ခုရှိလာမည်ဖြစ်သည်။

"ပြီးခဲ့တဲ့ သောကြာနေ့က သတင်းစာမှာ တင်ဒါခေါ်ထားပြီးဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ရမှာဖြစ်ပြီး ယာဉ်ရပ်နားစခန်းကြီးထက် မလျော့တဲ့ ဝန်ဆောင်မှုကို စားသုံးသူအတွက်ပေးရမှာပါ။ အခု မိုင်တိုင် ၇၆ မှာရှိတဲ့ ယာဉ်ရပ်နားစခန်းငယ်ရဲ့ ဝန်ဆောင်မှုလိုမျိုးထိ မျှော်မှန်းထားပါတယ်"ဟု ဦးတိုးတိုးက ပြောဆိုသည်။

ယာဉ်ရပ်နားစခန်းငယ်ဖွင့်မည့်နေရာများမှာ မိုင်တိုင် ၄၀ အနီး နေပြည်တော်-ရန်ကုန်အပြန်လမ်း၊ မိုင်တိုင် ၁၅၈ မိုင်အနီးအသွားလမ်း၊ အပြန်လမ်း၊ မိုင်တိုင် ၃၁၇ မိုင်အနီး အသွားလမ်း၊ အပြန်လမ်း၊ မိုင်တိုင် ၃၅၂ မန္တလေး-နေပြည်တော် လမ်းပိုင်းတစ်ခုတို့တွင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

R-15