News

POST TYPE

NEWS

ပုဂံဘုရားများအနီး လူနေဈေးဆိုင်များမဖွင့်ရန် တားမြစ်
16-Sep-2018



မန္တလေး၊ စက်တင်ဘာ ၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီများအနီးတွင် ဈေးဆိုင်များ အခိုင်အမာဆောက်လုပ်၍ ညအိပ်နေထိုင် ရောင်းချခြင်းမလုပ်ရန် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က တားမြစ်လိုက်သည်။

“တချို့က ညအိပ်ပြီး ဖွင့်တာတွေရှိတယ်။ ဒါကို အရေးမယူချင်တဲ့အတွက် စာထုတ်ရတာပါ။ ညအိပ်ရောင်းတယ်ဆိုလို့ရှိရင်လည်း တဖြည်းဖြည်းနဲ့ တိုးချဲ့လာတော့မယ်။ ယာယီဈေးဆိုင်တွေအနေနဲ့ကတော့ မနက်ရောင်း ညနေပြန်သိမ်းပေါ့”ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရောင်းချနေသည့် ဈေးဆိုင်များလိုက်နာရမည့် စည်းကမ်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် ရှေးဟောင်းအမွေအနှစ်များဖြစ်သော ဘုရား၊ စေတီ၊ သိမ်ကျောင်း၊ ဥမင်လိုဏ်များ၊ အုတ်ကုန်းများအနီးတစ်ဝိုက်နှင့် လမ်းဘေးဝဲယာတို့တွင် ဈေးဆိုင်များ၊ လက်ပန်းချီဆိုင်များ၊ ရုပ်သေးဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း၊ ယင်းဆိုင်များအနေဖြင့် ယာယီဆိုင်အနေနှင့်သာ ရောင်းချရမည်ဖြစ်ပြီး ဆိုင်းဘုတ်များ၊ ဝါးတိုင်များ၊ ဗီနိုင်းစများ၊ ကြိုးများ၊ အလှဆင်ပစ္စည်းများကို သိမ်းဆည်းရမည် ဖြစ်ကြောင်း၊ ဆိုင်သိမ်းပြီးနောက် ပစ္စည်းများတွေ့ရှိပါက သိမ်းဆည်းခံရမည်ဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“တစ်ပိုင်တစ်နိုင်ပစ္စည်းသမားတွေ အဆင်ပြေနိုင်ပေမယ့် ဆိုင်ဆောက်ပြီး ရောင်းနေတဲ့သူတွေတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ပုဂံ-ညောင်ဦးမှာ ဈေးသည် နှစ်ထောင်လောက်ရှိတယ်။ ဒီဈေးသည်တွေကို ဘယ်လိုထိန်းချုပ်မလဲ။ ညမအိပ်နဲ့ဆိုပြီး သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ပစ္စည်းတွေ အကုန်ပြန်သယ်ရမယ့်နေရာမှာ ကားရှိတဲ့သူအဆင်ပြေပေမယ့် ကားမရှိတဲ့သူ တွေအတွက် ဘယ်လိုလုပ်မလဲ။ ဒါတွေကို စဉ်းစားဖို့လိုမယ်”ဟု ပုဂံဈေးသည်များဆပ်ကော်မတီအတွင်းရေးမှူး ဦးတင်လင်းအောင်က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားများတွင် ဈေးရောင်းချနေသည့် ဈေးသည်များ စနစ်တကျဖြစ်စေရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘုရားဂေါပကများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စာရင်းကောက်ယူခဲ့ဖူးသည်။ 

M-05