News

POST TYPE

NEWS

သီရိမင်္ဂလာဈေးဟောင်း ပြန်ပြင်ရန် အစီအစဉ်မရှိဟု မြို့ တော်ဝန် ပြောကြား
14-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၃

အန္တရာယ်ရှိ အဆောက်အအုံဟု သတ်မှတ်ထားသည့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးဟောင်းကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

သို့သော် မြို့ပြဖွံ့ ဖြိုးမှုလုပ်ငန်းအတွက် အဆောက်အအုံသစ် ဆောက်လုပ်ရန် လိုအပ်ပါက အငှားချထားသည့် နစ်နာသူများကို စာချုပ်စည်းကမ်းချက်အတိုင်း ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စာချုပ်ဆိုတာ အတင်းအဓမ္မချုပ်လို့ မရပါဘူး။ နှစ်ဦးနှစ်ဖက်သဘောတူမှ ချုပ်လို့ရတယ်။ စာချုပ်အခြေအနေက သတ်သတ်၊ အန္တရာယ်ရှိအဆောက်အအုံ (DB) က သတ်သတ်ပါ။ ၁၉၉၉ ကစခဲ့တာ အခုမှ DB ဖြစ်တယ်ဆိုတော့ ဒါဟာ ဆောက်လုပ်ရေးရဲ့ အားနည်းချက်ဖြစ်တယ်။ ဒီအဆောက်အအုံကို နေထိုင်ဖို့ မသင့်တော်ဘူးဆိုပြီးတော့ DB သတ်မှတ်ခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ရှင်းပြသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့၌ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ “သီရိမင်္ဂလာဈေးဟောင်းအား မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စွာ ယခင်ကထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင် ရှိ၊ မရှိ အပါအဝင် လက်ရှိ ငှားရမ်းခွင့်သက်တမ်း ကျန်ရှိသူများအား နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်သွားမည်”ကို သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

သီရိမင်္ဂလာဈေး အဆောက်အအုံကို ၁၉၉၀ ခုနှစ်က Winner ကုမ္ပဏီလီမိတက်ကို လုပ်ငန်းအပ်နှံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရုံအမှတ် A,B,C တို့တွင် ယိုယွင်းပျက်စီးမှုများကို ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ အကြံပေးအင်ဂျင်နီယာ၊ တည်ဆောက်ရေးပညာရှင် ဒေါက်တာတိုးတိုးအောင်တို့ဖြင့် အကြိမ်ကြိမ်စစ်ဆေးခဲ့ရာတွင် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လက်ရှိတွင် သီရိမင်္ဂလာဈေးဟောင်း၌ ကားအရောင်းပြခန်းအပါအဝင် မိုတယ်များသည် ယခုနှစ် မေလက တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ယင်းအဆောက်အအုံကို နောက်ဆုံးစစ်ဆေးခဲ့စဉ်က ဖွင့်လှစ်ထားကြောင်း၊ လက်ရှိတွင် ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိကို မသိရှိကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“အဲဒီမှာ ဖွင့်ထားတဲ့ ကားရှိုးရွမ်း၊ မိုတယ်တွေရှိတယ်။ ဒုတိယအကြိမ် ပြန်လည်ချုပ်ဆိုတဲ့ စာချုပ်က တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးတဲ့ စာချုပ်ဖြစ်နေတယ်။ ဒီစာချုပ်အရဆို ဘာမှ တောင်းဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ အဓိကတော့ စည်ပင်က အလိုမရှိတဲ့အခါကျ ဒီနေရာက ထွက်ခွာပေးရမှာလေ။ အဲဒါကြောင့် စာချုပ်စည်းကမ်းအတိုင်း နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့ မြို့တော်ဝန်က ပြောသွားတာ။ ကျွန်မတို့လိုချင်တာ ဒီအချက်ပါပဲ”ဟု ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။

ထို့ကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်ထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေနှင့် ယင်းကိစ္စရပ်များကို မသိရှိကြောင်း ဖြေကြားသည်။

အဆိုပါအဆောက်အအုံမှာ ၂၀၁၇ ခုနှစ်အတွင်း ပိုမိုပျက်စီးလာသည့်အတွက် ယင်းနှစ် ဩဂုတ်လ ၁၆ ရက်၌ နိုင်ငံပိုင်သတင်းစာများတွင် အန္တရာယ်ရှိ အဆောက်အအုံ (Dangerous Building) အဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။  

J-17