News

POST TYPE

NEWS

အခွန်တံဆိပ် မကပ်ခြင်းနှင့် အတုကပ်ခြင်း သတင်းပေးသူကို ဆုပေးမည်
14-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၁၃

အရက်၊ ဘီယာနှင့် စီးကရက်အပါအဝင် အထူးကုန်စည်ခွန်များ၌ သတ်မှတ်ထားသည့် အခွန်အမှတ် တံဆိပ်မကပ်နှိပ်ခြင်းနှင့် အတုများ ကပ်နှိပ်ထားသည်ကိုတွေ့ရှိ၍ သတင်းပေးသူကို ဒဏ်ကြေး၏ ၂၀ ရာခိုင်နှုန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်သည်။

သို့သော် သတင်းပေးသူ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးကုန်စည်များကို အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရောင်းချရမည့် ကုန်စည်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် အခွန်အမှတ်တံဆိပ်များ မကပ်ခြင်း၊ အခွန်အမှတ်တံဆိပ်အတုကပ်နှိပ်ခြင်း၊ အခွန်အမှတ်တံဆိပ်အတုများ ထုတ်လုပ်နေသည်ကို တွေ့ရှိခြင်းနှင့် ပြည်ပမှ တရားမဝင် တင်သွင်းရောင်းချမှုများ တွေ့ရှိရခြင်းတို့ကို တိုင်ကြားမည်ဆိုပါက ကျူးလွန်သူကို အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မှန်မှန်ကန်ကန်လုပ်တဲ့သူတွေကတော့ ဘာမှမဖြစ်ပေမယ့် မမှန်မကန်လုပ်တဲ့သူတွေအတွက်တော့ ဒါကိုဂရုစိုက်ရမှာပါ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

ယခင်က အထူးကုန်စည်အဖြစ် သတ်မှတ်ထားသည့် အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုးနှင့် တရားမဝင်ပြည်ပမှ တင်သွင်းထားသည့် ဘီယာများတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည်ကို မတွေ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် ဆူပါမားကက်နှင့် ၂၄ နာရီဖွင့်သည့် ဆိုင်အချို့တွင် တွေ့ရှိလာရကြောင်း ၎င်းက ဆိုသည်။

စီးကရက်အမျိုးမျိုး၊ အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ အချောထည်နှင့် အရိုင်းထည်များ၊ Double Cab နှင့် အင်ဂျင်ပါဝါ ၁၈၀၀ စီစီနှင့်အထက် ဆီဒင်၊ ဆလွန်းကားများနှင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်များကို အထူးကုန်စည်အဖြစ် သတ်မှတ်၍ အခွန်ကောက်ခံလျက်ရှိသည်။

S-04