News

POST TYPE

NEWS

ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် စံချိန်စံနှုန်း
13-Sep-2018
အားကစားပြိုင်ပွဲများတွင် စံချိန်စံညွှန်း သတ်မှတ်ထားသော အားကစားနည်းများ ရှိသလို စံချိန်စံညွှန်း မသတ်မှတ်ထားသော အားကစားနည်းများလည်း ရှိသည်။ ပြေးခုန်ပစ်၊ ရေကူး၊ စက်ဘီးစီး စသည့် အားကစားနည်းများသည် စံချိန်စံညွှန်းများရှိသည်။ အခြားသူများ တင်ထားသောစံချိန်ထက် မိမိက သာလွန်အောင် စွမ်းဆောင်နိုင်ပါမှ ထိုသူများကို မိမိက အနိုင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘောလုံးနှင့် လက်ဝှေ့စသည့် အားကစားနည်းများတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းဟူသည်မရှိပါ။ တစ်ပွဲချင်းအပေါ်တွင် မူတည်သည်။ ပြိုင်ပွဲတစ်ခုတွင် တစ်ဖက်အသင်းထက် သာလွန်အောင်ကစားနိုင်လျှင် အနိုင်ရသည်။ လေ့ကျင့်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ လျင်မြန်မှုနှင့် နည်းစနစ်မှန်ကန်မှုတို့အပေါ်တွင် မူတည်သည်။ ယင်းတို့မှာလည်း အသင်းတစ်သင်းချင်းစီ သို့မဟုတ် ကစားသမားတစ်ဦးချင်းစီ၏ အရည်အချင်းပင်ဖြစ်သည်။ ထိုအချက်တို့ကို တစံညွှန်းအဖြစ် သတ်မှတ်၍ အခြားအသင်းများက လိုက်လုပ်၍မရပေ။

အခြားသော နယ်ပယ်များတွင်လည်း အလားတူပင်ဖြစ်သည်။ အထူးသဖြင့် အနုပညာနယ်ပယ်တွင် အသိသာ အထင်ရှားဆုံး ဖြစ်သည်။ တေးဂီတ၊ ကဗျာ၊ စာပေ၊ ရုပ်ရှင် စသည်တို့တွင် စံချိန်စံညွှန်းဆိုသည်မရှိပါ။ တစ်ဦးချင်း၏ အနုပညာ အရည်အသွေး၊ ပါရမီနှင့် ပရိသတ်ကလက်ခံမှုတို့သည် သူ၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါသည်။ တစ်ဦးက သည်လို ရေး၍ ၎င်းကိုစံထားပြီး နောက်တစ်ဦးက သူ့လိုလိုက်ရေး၍မရပါ။ တစ်ဦးက သည်လိုသီဆို၍၊ သည်လိုသရုပ်ဆောင်၍ နောက်တစ်ဦးက သူ့လိုသီဆို၊ သူ့လိုသရုပ်ဆောင်၍ မရပါ။ ဆိုလိုသည်မှာ အနုပညာဟူသည် အများက လိုက်နာဆောင်ရွက်ရမည့် စံချိန်စံညွှန်းဟူသည် မရှိကြောင်း ပြောလိုရင်း ဖြစ်သည်။ (ဂီတအမျိုးအစားအလိုက် သတ်မှတ်ထားသော စည်း/ဝါး အပါအဝင် ဂီတ၏ဟန်ကို ဆိုလိုခြင်းမဟုတ်ပါ)။

ကမ္ဘာပေါ်တွင် လူ့ယဉ်ကျေးမှုများ အဆင့်ဆင့် မြင့်မားလာသည်နှင့်အမျှ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ် စသည်တို့ အမျိုးမျိုး ပြောင်းလဲခဲ့ကြသည်။ ထိုကဲ့သို့ ပြောင်းလဲလာသော စနစ်များမှာ အစပျိုး တီထွင်သူ၏ ဉာဏ်အမြော်အမြင်၊ အတွေးအခေါ် အယူအဆသာလျှင်ဖြစ်၍ အခြားသူများက စံအဖြစ်ထား၍ ပုံတူကူးချခြင်းမျိုးမရှိကြပါ။ ကွန်မြူနစ်စနစ်တွင် ကားမာတ်စ်နှင့် အိန်ဂျယ်လ်တို့၏ အတွေးအခေါ်၊ လီနင်နှင့်စတာ လင်တို့၏အယူအဆ၊ မော်စီတုန်းနှင့် တိန့်ရှောင်ပင်တို့၏ လုပ်နည်းလုပ်ဟန်များက ကွဲပြားကြသည်။ တရုတ်ကွန်မြူနစ်နှင့် ဗီယက်နမ်ကွန်မြူနစ်၊ ရုရှားကွန်မြူနစ်နှင့် ယူဂိုစလားဗီးယားကွန်မြူနစ်တို့၏ လုပ်နည်းလုပ်ဟန်များမှာ မတူကွဲပြားခြားနားကြသည်။

ကွန်မြူနစ်စနစ်မှ ခွဲထွက်လာသော ဆိုရှယ်လစ်စနစ်သည်လည်း ထို့အတူပင်ဖြစ်သည်။ အရင်းရှင် စီးပွားရေးစနစ် အမျိုးမျိုးရှိသလို ဆိုရှယ်လစ် စီးပွားရေးကလည်း အမျိုးမျိုးဖြစ်သည်။ ဆိုရှယ်လစ်ကလည်း ဆိုရှယ်လစ် ဒီမိုကရေစီဟူ၍ ကြွေးကြော်ခဲ့သေးသည်။ သည်တော့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ်တို့သည် နေရာဒေသအလိုက်၊ နိုင်ငံအလိုက် မတူကွဲပြားခြားနားကြသည်သာဖြစ်သည်။ နေရာဒေသအားလုံး၊ နိုင်ငံအားလုံး တစ်ပြေးညီ ကျင့်သုံးသင့်သော စံချိန်စံနှုန်းဟူသည်မရှိပါ။

လွန်ခဲ့သော ၁၅ ရာစုနှစ်က အေသင်နှင့်ဂရိနိုင်ငံတို့က အစပြုခဲ့ပြီး ယနေ့တိုင် ကမ္ဘာ့နိုင်ငံအများအပြား ကျင့်သုံးနေကြသော ဒီမိုကရေစီစနစ် စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှစ၍ ရာစုနှစ်နှင့်ချီကာ မိမိတို့နိုင်ငံ၏ရေမြေ သဘာဝ၊ ယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာကိုလိုက်၍ ကွဲပြားခြားနားစွာ ကျင့်သုံးဆောင်ရွက်ခဲ့ကြသည်။ ၁၇၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်ကြောင်း၊ လွတ်လပ်ရေးကြေညာစာတမ်းဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုသည် စတင်တည်ထောင်စဉ်ကပင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်၍ ဦးစားပေးဆောင်ရွက်ခဲ့သည်။ အချို့သောနိုင်ငံတို့သည် မိမိတို့၏ လွတ်လပ်ရေးကြေညာစာတမ်းကိုရေးသားရာ၌ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကြေညာစာတမ်းကို မှီငြမ်းပြု၍ ရေးသားခဲ့ကြသည်ဟုဆိုသည်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၇၈၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပြီး ၁၇၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ပထမအကြိမ် ပြင်ဆင်ခြင်းမှစ၍ ၁၉၉၂ ခုနှစ် မေလ ၅ ရက်နေ့ ပြင်ဆင်ခြင်းအထိ ၂၇ ကြိမ်ပြင်ခဲ့ရပြီး ပြည်နယ်အလိုက် အခြေခံဥပဒေအချို့ဆိုလျှင် အကြိမ်တစ်ရာကျော်မျှ ပြင်ဆင်ပြီးဖြစ်သည်ဟု သိရသည်။ ပြင်ဆင်ချက်များတွင် ပြည်နယ်များ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများအပြင် အမျိုးသမီး အခွင့်အရေးကိစ္စရပ်များ၊ ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေးကိစ္စများ ပါဝင်သည်ဟု သိရသည်။

ယခုအခါ အမေရိကန်၊ အင်္ဂလန်အပါအဝင် အနောက်နိုင်ငံအချို့သည် နှစ်ပေါင်း သက်တမ်းကြာမြင့်လှပြီဖြစ်သော ၎င်းတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံများကို မြန်မာနိုင်ငံသို့ ဇွတ်အတင်း သွတ်သွင်းလိုကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ထိုကဲ့သို့ဖွံ့ဖြိုးပြီး အခြေအနေသို့ရောက်ရှိရန် ပြည်သူတို့ စည်းကမ်းရှိရေး၊ တရားဥပဒေကို လိုက်နာတတ်ကြစေရေးအတွက် နှစ်ပေါင်းများစွာ အရေးယူဆောင်ရွက်မှု ပုံစံအမျိုးမျိုးဖြင့် ထိန်းကျောင်းခဲ့ကြရာမှ ယနေ့လို အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

အာရှနှင့် အရှေ့တောင်အာရှရှိ စင်ကာပူအပါအဝင် ဖွံ့ဖြိုးတိုးတက်စနိုင်ငံများသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိမ်ဒဏ် အပါအဝင် တင်းကျပ်သော ဥပဒေ စည်းမျဉ်း စည်းကမ်းများဖြင့် ကြပ်မတ်လျက်ရှိသည်။ မြန်မာနိုင်ငံမှာ အာရှမပြောနှင့် အရှေ့တောင်အာရှမှာပင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် အကြောင်းရင်း များစွာထဲတွင် စည်းကမ်းမလိုက်နာခြင်းနှင့် တရားဥပဒေကို မလေးစားခြင်း စသည့်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်။

ဤနေရာတွင် အချို့ကဆိုကြပေမည်။ အစိုးရသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းကို ကိုင်တွင်ရာတွင် လျော့ရဲသည်။ တင်းတင်းကျပ်ကျပ်မရှိဟူ၍ ဆိုကြပေမည်။ တင်းတင်းကျပ်ကျပ် လုပ်ပြန်တော့လည်း ဒီမိုကရေစီမဆန်၊ လူ့အခွင့်အရေးကို အလေးမထားဟု ဆိုကြပြန်သည်။ လက်ရှိအစိုးရ၏အခြေအနေကို ထင်သာမြင်သာ အောင်ပြောရပါက “ဆုပ်လည်းစူး၊ စားလည်းရူး”ဆိုသည့် အခြေအနေမျိုးဖြစ်နေသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ ဧည့်စာရင်းတိုင်တန်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပေးရန်တောင်းဆိုသည့်အတွက် လိုက်လျော၍ ပယ်ဖျက်ပေးခဲ့သည်။ ယခုတစ်ဖန် ထိုပုဒ်မကိုပယ်ဖျက်လိုက်သည့်အတွက် ရပ်ကွက်အတွင်း ခိုအောင်းနေသော လူဆိုးသူခိုးများကို ဖမ်း၍မမိခြင်းဖြစ်သည်ဟု ဝေဖန်နေကြပြန်ပြီဖြစ်သည်။

ယခုအခါ စာပေလွတ်လပ်ခွင့်မရှိ ဟူ၍လည်းကောင်း၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်မရှိ ဟူ၍သော်လည်းကောင်း ရေးသားတောင်းဆိုမှုများ ပို၍ များပြားလာသည်။ ဤသို့ပြောဆိုနေကြခြင်းသည် တစ်ခေတ် တစ်ချိန် တစ်ခါကို မသိမမီလိုက်သူတို့၏ ပြောစကား ဆိုစကား ဖြစ်မည်ဟုထင်ပါသည်။ ထိုခေတ်ကို သိမီလိုက်သူများ အားလုံးက ယနေ့ အခြေအနေ အချိန်အခါသည် ထိုအချိန် ထိုကာလကထက် စာပေလွတ်လပ်ခွင့် များစွာ တိုးတက်လာသည်ကို သိမြင်ကြပါသည်။ ထိုစဉ်ကာလက အခြေအနေနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ်က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။

တစ်ညတွင် ထောက်လှမ်းရေး၊ စသုံးလုံးနှင့် အထူးသတင်းတပ်ဖွဲ့ဝင်အချို့ ကျွန်တော့်ကို လာရောက်ခေါ်ဆောင်ကြပါသည်။ အကြောင်းရင်းမှာ ခွင့်ပြုချက်မရှိသော စာပုံနှိပ်စက်တစ်ခုကို ဝင်ရောက်ရှာဖွေရန်အတွက် သက်သေအဖြစ် လာရောက်ခေါ်ဆောင်ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ကျွန်တော်က ၎င်းတို့ခေါ်ဆောင်ရာ နောက်သို့လိုက်သွားပြီး အဆိုပါစာပုံနှိပ်စက်ကို ဝင်ရောက်ရှာဖွေသောအခါ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနခွဲက ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်ကို တွေ့ရှိရပါသည်။ ကျွန်တော်က အဆိုပါလက်မှတ်အားပြသ၍ စာပုံနှိပ်စက်မှာ တရားဝင်မှတ်ပုံတင်ရှိသော စာပုံနှိပ်စက်ဖြစ်ကြောင်း ထောက်ခံပြောဆိုသော်လည်း ၎င်းတို့ကလက်မခံဘဲ ဆက်လက်ရှာဖွေပါသည်။

ထို့နောက် တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏မိခင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အသုဘဖိတ်စာတစ်စောင်ကိုတွေ့ရှိသဖြင့် တရားဝင်ခွင့်ပြုချက်မရှိသော ပုံနှိပ်စာဖြစ်သည်ဟုဆိုကာ ပုံနှိပ်တိုက်ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ပိုင်ရှင်ဖြစ်သူက အဆိုပါဖိတ်စာမှာ ၎င်း၏ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခြင်းမဟုတ်ဘဲ အသိမိတ်ဆွေတစ်ယောက်က လာရောက်ဖိတ်ကြားထားခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း လက်မခံဘဲ တရားစွဲဆိုခဲ့ရာ ပုံနှိပ်တိုက်ပိုင်ရှင်မှာ ထိန်းသိမ်းခံလိုက်ရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၀ တွင် “နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သောဥပဒေ ပြဋ္ဌာန်းပေးရမည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၅၄ တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် - မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”စသည်ဖြင့် ကန့်သတ်ချက်များဖြင့် ပြည်သူတို့အား လွတ်လပ်ခွင့်ပေးထားပါသည်။

ဆိုလိုသည်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့် အခွင့်အရေးများ အပါအဝင် ဒီမိုကရေစီ အခွင့်အရေးများကို အပြည့်အဝ ပေးထားခြင်း မရှိသည်ကို နားလည်ရမည်ဖြစ်ပါသည်။ အခြေခံဥပဒေတွင် မပေးထားသည့် အခွင့်အရေးများကို တောင်းဆိုနေမည့်အစား အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အဓိက လုပ်ဆောင်ရန် လိုအပ်ပါမည်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဆိုသည့် အသုံးအနှုန်းကို ပြည်သူအချို့က နှစ်သက်သဘောမကျကြပါ။ သို့ရာတွင် ယနေ့လက်ရှိ မြန်မာပြည်သူတို့၏ အခြေအနေကိုကြည့်ပါက ဤအချက်ကို သဘောပေါက် နားလည်မည်ဖြစ်ပါသည်။ ယနေ့ လမ်းမများပေါ်တွင် အမှိုက်ကိုပစ်ချင်သလို ပစ်ချနေသူများ၊ ကွမ်းတံတွေးကို ထွေးလိုရာ ထွေးနေကြသူများ၊ လမ်းကူးရာတွင် မိမိကူးချင်သည့်နေရာမှ ကူးချင်သလို ကူးနေကြသူများ၊ မီးနီနေသော်လည်း မီးပွိုင့်ကိုဖြတ်ကျော်နေသည့်ကားများ၊ လမ်းပြောင်းပြန်မောင်းနေသည့်ကားများ၊ မိမိအိမ်ရှေ့ရှိ စည်ပင်ပိုင်မြေပေါ်တွင် အဖီအဆွယ်ချ၍ ဈေးရောင်းချကာ စီးပွားရှာနေသူများသည် ဗိုလ်ချုပ်အောင်ဆန်းပြောသည့် လမ်းမပေါ် ဆေးရိုးလှန်းသည့်အဖြစ်ထက် ပို၍ဆိုးရွားနေသူများသာ ဖြစ်ကြပါသည်။

ဤကဲ့သို့သောလူမျိုး အများအပြားနေထိုင်သည့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လွတ်လပ်မှု အခွင့်အရေး အပြည့်အဝ မပေးသေးသည်ကို “စည်းကမ်းလိုက်နာမှု အပြည့်အဝ ရှိနေသော၊ တရားဥပဒေကို လေးစားလိုက်နာမှုရှိနေသော ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများက”နားလည်ဖို့ ကောင်းပါသည်။ ဒီမိုကရေစီသက်တမ်း နုနယ်သေးသော မြန်မာနိုင်ငံကို ၎င်းတို့နိုင်ငံများနှင့် ချိန်ထိုးစံပြုခြင်းမှာ ဆန္ဒစောလွန်းနေသည်ဟု ထင်မြင်ယူဆပါသည်။ ကျွန်တော်အထက်တွင် ရေးသားဖော်ပြခဲ့သလို စံနှုန်းပြု၍ မရသောကိစ္စများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စလည်း အပါအဝင် ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ နိုင်ငံတစ်ခု၏သမိုင်းကြောင်း အစဉ်အလာ၊ ယဉ်ကျေးမှုနှင့် လက်ရှိ ဖြစ်တည်ရပ်တည်နေသော ပကတိအခြေအနေကိုကြည့်၍သာ ဆုံးဖြတ်သတ်မှတ်ရမည်ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများ စည်းကမ်းရှိလာသောနေ့တစ်နေ့၊ ဥပဒေကို လေးစားလိုက်နာလာသော နေ့တစ်နေ့တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ အပြည့်အဝ ရရှိသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်ဖြစ်ပါသည် ...။

သိန်းထက်အောင်