News

POST TYPE

NEWS

မိုးကုတ်မြို့သို့ ပြည်ပခရီးသွားများ လွတ်လပ်စွာသွားလာခွင့်ပြု
13-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၂ 

မန္တလေးတိုင်း မိုးကုတ်မြို့သို့ ပြည်ပခရီးသွားများသွားရောက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ထောက်ခံချက်မလိုဘဲ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

ယခင်က မိုးကုတ်သို့ ပြည်ပခရီးသွားများ သွားရောက်မည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ထောက်ခံချက်လိုအပ်ကြောင်း၊ ထောက်ခံချက်ပါမှသာ တိုင်းအစိုးရက ခွင့်ပြုပေးနိုင်ကြောင်း၊ ယခုမူ မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနသို့ လျှောက်ထား၍ သွားလာနိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မိုးကုတ်ဒေသကို နိုင်ငံခြားသားတွေလာမယ်ဆိုရင် အရင်က ကာကွယ်ရေး၊ ပြည်ထဲရေးဆီမှာ ထောက်ခံချက်တင်ရတယ်။ အဲဒါတွေပါမှ တိုင်းအစိုးရခွင့်ပြုပေးလို့ရတယ်။ အခု မန္တလေးမှာရှိတဲ့ သက်ဆိုင်ရာဌာန၊ ဟိုတယ်နဲ့ခရီးသွားကို ခရီးသွားကုမ္ပဏီတွေကနေတစ်ဆင့် သယံဇာတနှင့် သဘာဝဝန်ကြီးဌာနမှာ ခွင့်ပြုချက်တောင်းရုံပဲ။ အဆင့်တွေအများကြီး လျှော့ချလိုက်ပြီ။ ခွင့်ပြုချက်ရတာနဲ့ သတ်မှတ်လမ်ကြောင်းအတိုင်း သွားလို့ရမယ်”ဟု ဦးမျိုးသစ်က ရှင်းပြသည်။

မိုးကုတ်သို့ သွားရောက်ရာတွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် ခရီးစဉ်လမ်းကြောင်းအတိုင်း သွားလာနိုင်မည်ဖြစ်ကာ မြို့တွင်းခရီးစဉ်များကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး မော်တော်ယာဉ်များနှင့်သာ သွားရမည်ဖြစ်ကြောင်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ခြေလျင်ခွင့်ပြုမပေးကြောင်း မန္တလေးတိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မိုးကုတ်ဆိုတာက ခရီးသွားဧည့် သည်များတဲ့နေရာတစ်ခုဖြစ်တယ်။ ကမ္ဘာမှာမရှိတဲ့အကောင်းဆုံးဆိုတဲ့ ကျောက်တွေက မိုးကုတ်ကနေ ထွက်တယ်။ ခုလို ခွင့်ပြုလိုက်ခြင်းအားဖြင့် ခရီးသွားဧည့်သည်တွေ ပိုရောက်လာမယ်။ ဒေသတွင်း အလုပ်အကိုင်တွေများလာမယ်။ မြန်မာပြည်က အေးချမ်းတည်ငြိမ်စွာနဲ့ သွားလို့ရတယ်ဆိုတာတွေဖြစ်လာနိုင်တယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဇေယျာထွန်းက ပြောကြားသည်။

မိုးကုတ်တွင် ထင်ရှားသည့်နေရာများအဖြစ် ချမ်းသာကြီးဘုရား၊ ဖောင်တော်ဦးဘုရား၊ ပတ္တမြားစေတီ၊ ကျောက်ပြာသာဒ်၊ ဒေါ်နန်းကြည်တောင်၊ ပင့်ကူတောင်၊ မိုးကုတ်ဆရာတော်ကြီး တရားထိုင်ရာဂူ၊ ဘားနဒ်စစ်သင်္ချိုင်း၊ မိုးကုတ်ကန်ဘောင်၊ ထာပွဲစသည့်နေရာများသို့ သွားရောက်လေ့လာနိုင်ကြောင်း မိုကုတ်ဒေသအချို့က ပြောကြားသည်။

“မိုးကုတ်ဆိုတာက မြန်မာနိုင်ငံရဲ့ BRAND တစ်ခုဖြစ်နေတယ်။ နိုင်ငံခြားသားခရီးသွားတွေပိုပြီးတော့ ဝင်လာမယ်လို့ယူဆတယ်။ ခရီးစဉ်တွေအတွက်ကတော့ တကယ်ခွင့်ပြုပြီးဆိုရင် ခရီးစဉ်ဆွဲလိုက်လို့ရပြီ။ သွားချင်တဲ့ဧည့်သည်တွေက အများကြီးရှိတယ်။ ခရီးစဉ်တွေရေးဆွဲတဲ့နေရာမှာတော့ မိုးကုတ်ကို ဦးစားပေးအနေနဲ့ရေးဆွဲရမယ်။ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ အမိန့်ကြော်ငြာစာထွက်ဖို့တော့ လိုသေးတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးမျိုးရီက ပြောကြားသည်။ 

မိုးကုတ်ဒေသသို့ နိုင်ငံခြားသားခရီးသည်များသွားလာခွင့်ကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ပိတ်ထားခဲ့ပြီး မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့သော ၁၉၉၆ ခုနှစ်က ခေတ္တဖွင့်ပေးခဲ့ပြီးနောက် ပြန်ပိတ်ခဲ့ကြောင်း၊ ယင်းနောက်တွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ပြန်ဖွင့်ပေးခဲ့ဖူးကြောင်း မိုးကုတ်မြို့ဒေသခံအချို့ထံမှ သိရသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် သွားခွင့်ပိတ်ထားသည့် နေရာအများစုကို ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ပြန်ဖွင့်ပေးခဲ့သော်လည်း မိုးကုတ်မပါခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများအနေနှင့် ကြိုတင်ခွင့်ပြုချက်ယူရမည့်အပြင် သတ်မှတ်နေရာများကိုသာ သွားလာခွင့်ရမည်ဟု ထုတ်ပြန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

M-05/ M-07