News

POST TYPE

NEWS

အမြန်လမ်း ဆွာချောင်းတံတား မိုးကုန်မှပြင်မည်
12-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၁၁

ဆွာချောင်းတမံကျိုး၍ ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ဆွာချောင်းကူးတံတားကို ယာယီတံတားအဖြစ် တည်ဆောက်ဖြတ်သန်းခွင့်ပေးထားခြင်းမှ ပင်မတံတားပြင်ဆင်ခြင်း လုပ်ငန်းများကို မိုးရာသီကုန်ဆုံးပြီးမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့က ဆွာချောင်း တမံကျိုးခြင်းကြောင့် အမြန်လမ်းမှ အဓိကနေရာဖြစ်သည့် ဆွာချောင်းကူးတံတားပျက်စီး၍ ယာဉ်အသွားအလာများ ခေတ္တရပ်ဆိုင်းခဲ့ရပြီး သုံးရက်အတွင်း ယာယီတံတားထိုး၍ ယာဉ်များသွားလာခွင့်ပြုခဲ့ရသည်။

“ဆွာဆည်က အခုရေမထိန်းနိုင်တော့ ရေကချောင်းထဲမှာ အမြဲရှိနေတယ်။ ပုံမှန်ဆို ဆွာချောင်းရေနည်းနည်းပဲရှိတတ်တယ်။ ခုမိုးရာသီကုန်ချိန်ရောက်တာနဲ့ သုတေသနပြုလုပ်ပြီး ဒီဇိုင်းရေးဆွဲတာတွေ၊ ဘာတွေလုပ်ပြီးရင် အမြန်ဆုံးပြုပြင်မယ်”ဟု အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုအင်ဂျင်နီယာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ရေလည်တိုင်နှစ်ခု နိမ့်ကျပျက်စီးခဲ့သည့် ဆွာချောင်းကူးတံတား (ရန်ကုန်-နေပြည်တော်) လမ်းပိုင်းကို ကနဦး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ပြင်ဆင်မှုအပိုင်းအတွက် ကုန်ကျစရိတ်များကို မည်သည့်ဘတ်ဂျက်ငွေမှ သုံးစွဲရမည်ဆိုသည်ကိုမူ မသိရှိသေးကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။

နိမ့်ကျသွားသည့် ဆွာချောင်းကူးတံတား၏ တိုင် (RP-5) နှင့် တိုင် (RP-7) အောက်ခြေတို့တွင် ဂလိုင်ပေါက် ဖြစ်သွားနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများက ကနဦးသုံးသပ်ထားသည်။

R-15


  • VIA