News

POST TYPE

NEWS

ဘဏ္ဍာရေးစည်းမျဉ်းနှင့်မညီသော မြစ်သာရေလှောင်တမံအတွက် ငွေတောင်းခံမှု လွှတ်တော်အတည်ပြု
12-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၁၁

မြစ်သာရေလှောင်တမံ တည်ဆောက်ရေးအတွက် ထပ်မံတောင်းခံငွေ ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီဟု ကိုယ်စားလှယ်အချို့က ထောက်ပြဝေဖန်ခဲ့ကြသော်လည်း ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အသုံးစရိတ်တောင်းခံငွေတွင် မြစ်သာရေလှောင်တမံစီမံကိန်း (ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံ) ကိစ္စပါဝင်နေသဖြင့် ယင်းရေလှောင်တမံ စီမံကိန်းအတွက် တောင်းခံမှုမှာ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့် မကိုက်ညီဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ယဉ်မင်းလှိုင်တို့က ထောက်ပြခဲ့ကြသော်လည်း ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် ဝန်ကြီးဌာနကို ခွင့်ပြုငွေပေးသင့်သည့် ဆန္ဒမဲ၂၈၂ မဲ၊ ခွင့်ပြုငွေမပေးသင့်သည့် ဆန္ဒမဲ ၂၇၁ မဲ ဖြစ်သောကြောင့် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ယဉ်မင်းလှိုင်တို့၏တင်ပြချက်က ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ၄၂/၈၆ အရသော်လည်းကောင်း၊ လက်ရှိ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၃၅/၂၀၁၇ အရသော်လည်းကောင်း မည်သည့်အဖွဲ့အစည်း/မည်သည့်ဌာနဖြစ်စေ ပြည်သူ့ဘဏ္ဍာငွေ တစ်ရပ်ရပ်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ဘဏ္ဍာရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးမှသာ သုံးစွဲခွင့်ရှိရမည် ဖြစ်သော်လည်း အဆိုပါ ရေလှောင်တမံအတွက် ငွေသည်သုံးစွဲပြီးမှ လွှတ်တော်သို့ လာရောက်တောင်းခံနေခြင်းဖြစ်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။

ယင်းအပြင် နောက်ကြောင်းပြန် တောင်းခံလာသည့် မည်သည့်အသုံးစရိတ်ကိုမဆို ခွင့်မပြုရဆိုသည့်အချက်ကို စိစစ်ရေးအဖွဲ့များထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ၎င်းက တင်ပြခဲ့သော်လည်း အထက်ပါ အတိုင်းလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

စီမံကိန်းတန်ဖိုးသည် မူလက ၅၅ ဘီလီယံ၊ ၎င်းမှ ၁၂၇ ဘီလီယံ၊ ယင်းမှ ၂၇၁ ဘီလီယံနှင့် လက်ရှိတွင် ၃၀၄ ဘီလီယံအထိ လုပ်ကိုင်နေသည်ဟု ကြားသိရသောကြောင့် ဝန်ကြီးဌာနသည် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကဲ့သို့ စိတ်ကြိုက်ပြောင်းလဲဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်နေကြောင်း ဒေါ်ယဉ်မင်းလှိုင်က ထောက်ပြပြောဆိုသည်။

အဆိုပါ ရေလှောင်တမံသည် တည်ဆောက်ပြီးပါကလည်း ပြည်သူ့ထံအကျိုးပြုမည့် ဆည်ရေသောက်ဧကကိုလည်း ဝန်ကြီးဌာနမှ ရှင်းလင်းစွာ ပြောကြားခြင်းမရှိသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စကို ခွင့်ပြုပါက အခြားဌာနများတွင်လည်း အဆိုပါ ကိစ္စရပ်များရှိလာနိုင်သည့်အချက်ကို ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီကိစ္စမျိုးကို ပြည်ထောင်စုလွှတ်တော်ကြီးက မထိန်းကျောင်းခဲ့ရင် ဘယ်လိုအဖွဲ့အစည်းက ထိန်းကျောင်းမှာလဲလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွင် မမျှော်မှန်းနိုင်သည့်ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုရန်ပုံငွေထပ်မံ လိုအပ်ပါက ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခြင်း၊ ပြည်ထောင်စု၏ အထွေထွေ ပိုလျှံရန်ပုံငွေမှကျခံသုံးစွဲခြင်းနှင့် အရေးပေါ် ရန်ပုံငွေမှထုတ်ယူသုံးသည့် နည်းလမ်းများရှိသော်လည်း ဝန်ကြီးဌာနသည် ၂၀၁၈ -၁၉ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံလာခြင်း ဖြစ်သည်။

“အခုဒီကိစ္စမှာ လုပ်ငန်းဆောင်ရွက်ထားရင် ပေးကိုပေးရမယ်ဆိုတဲ့ သဘောသက်ရောက်စေတဲ့အတွက်လည်းကောင်း ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းကို မညီညွှတ်မှန်းသိပါလျက်နှင့် ကျွန်မတို့ခွင့်ပြု ကြမှာလားဆိုတဲ့ အချက်ကိုထည့်သွင်း စဉ်းစားရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်ကြီးနဲ့ ကိုယ်စားလှယ်ကြီးများအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်သင့်ပါတယ်”ဟု ဒေါ်ယဉ်မင်းလှိုင်က ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စိစစ်ရေးအဖွဲ့များ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ငွေစာရင်း ပူးပေါင်းကော်မတီနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနတို့မှ အကြိမ်ကြိမ် အစည်းအဝေးများ ပြုလုပ်ခဲ့ရာတွင် တောင်းခံငွေကို ခွင့်ပြုပေးပါက မူလလျာထားချက်ထက် ပိုတိကျသောကိန်းဂဏန်းများ ဖြစ်စေရေးအတွက် ထပ်မံဆောင်ရွက်ပါ့မည်ဟူသော ကတိကဝတ်ကိုဝန်ကြီးဌာန မှရရှိသောကြောင့် ခွင့်ပြုပေးရန် သဘောတူရခြင်းဖြစ်ကြောင်း ပူးပေါင်းကော်မတီ ကိုယ်စားဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်ပြပြောဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်အနေနှင့်လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားကဲ့သို့ တောင်းခံငွေခွင့်ပြုပေးရန် တင်ပြပြောဆိုခဲ့သည်။

S-01



  • VIA