News

POST TYPE

NEWS

မူလတန်းလွန်ကျောင်းအချို့ စာကြည့်တိုက်ချိန်ထည့်သွင်း
11-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၀

မန္တလေးတိုင်းအတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၀ ကျောင်းတွင် တစ်ပတ်လျှင်တစ်ကြိမ် စာကြည့်တိုက်အချိန် ထည့်သွင်း သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ ဒုဥက္ကဋ္ဌ ၂ ဒေါ်မြတ်စန်းငြိမ်းက ပြောကြားသည်။

Let’s read project စာဖတ်ကြစို့စီမံကိန်းအရ မန္တလေးတိုင်းရှိ မဟာအောင်မြေနှင့်ချမ်းမြသာစည်မြို့နယ်တို့မှ သုံးကျောင်းစီ၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တွင် နှစ်ကျောင်းစီ စမ်းသပ်ကာလအဖြစ် အကောင်အထည်ဖော်မည်ဖြစ်သည်။

ကျောင်းများ၌ အားကစားအချိန်၊ ဖွံ့ဖြိုးရေးအချိန်ကဲ့သို့ စာကြည့်တိုက် အချိန်ထားရန်လိုကြောင်း၊ အဆိုပါ စာကြည့်တိုက်အချိန်၌ စာဖတ်လေ့ကျင့် ခန်းများလုပ်ရန် လိုအပ်ကြောင်း၊ စာဖတ်လေ့ကျင့်ခန်းအတွက် စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ မန္တလေးမြို့တော်ရှိ အမှတ် ၂၆ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းဖွင့်ပေးထားကြောင်း ဒေါ်မြတ်စန်းငြိမ်းက ပြောဆိုသည်။

“ကျောင်းတစ်ကျောင်းစီက ကျောင်းအုပ်နဲ့ ကျောင်းဆရာမနှစ်ယောက်ကို စာဖတ်လေ့ကျင့်ခန်းတွေ သင်ပေးပါတယ်။ အသံထွက်စာဖတ်ခြင်း၊ ပူးပေါင်းစာဖတ်ခြင်း၊ နှစ်ယောက်တွဲစာဖတ်ခြင်း၊ တစ်ဦးချင်း စာဖတ်ခြင်းတွေ သင်ပေးတာ ပါ”ဟု ဒေါ်မြတ်စန်းငြိမ်းက ရှင်းပြသည်။

ကျောင်းများတွင် စာကြည့်တိုက် အချိန်ထည့်သွင်းရန် အခြေခံပညာဦးစီးဌာနက ယခုနှစ် ဇွန်လက စာထုတ်ထားခြင်းဖြစ်ပြီး စာကြည့်တိုက် အချိန်ထည့်သွင်းနိုင်ရန် Let’s read project စာဖတ်ကြစို့ စီမံကိန်းအရ လုပ်ဆောင်ပေးနေကြောင်း၊ အဆိုပါစီမံကိန်းသည် ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကစ၍ ၂ နှစ်ကြာစီမံချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကျောင်းစာကြည့်တိုက်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီးဖြစ်သကဲ့သို့ စာကြည့်တိုက်ကောင်းတစ်ခု၏ အင်္ဂါရပ်များဖြင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးထားကြောင်း မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအသင်း (MBAPF) ထံမှလည်းသိရသည်။

စာဖတ်ကြစို့စီမံကိန်းကို MBAPF၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အမေရိကန် အခြေစိုက်အဖွဲ့အစည်းဖြစ်သည့် Room to read နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း စီမံကိန်းညှိနှိုင်းရေးမှူး ဦးထက်အောင်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းရှိ ကျောင်းပေါင်း ၂၀ တွင် ရှေ့ပြေးစီမံကိန်းအဖြစ် လုပ်ဆောင်လျက်ရှိသည်။  

M-07


  • VIA