News

POST TYPE

NEWS

ဂျာမန်လူမျိုးတစ်ဦး ထပ်မံအသတ်ခံရ၍ လက်ယာစွန်းအင်အားစုများ မကျေနပ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
11-Sep-2018


ဘာလင်-ခူးအင်၊ စက်တင်ဘာ ၁၀

ဂျာမနီနိုင်ငံအရှေ့ပိုင်း ခူးအင်မြို့တွင် ဂျာမန်လူမျိုးတစ်ဦး သတ်ဖြတ်ခံလိုက်ရမှုနှင့်ပတ်သက်၍ အာဖဂန်အနွှယ် ရွှေ့ပြောင်းအခြေချသူနှစ်ဦးကို ရဲကဖမ်းဆီးထိန်းသိမ်း လိုက်ပြီးနောက် လက်ယာယိမ်းဂျာမန် မျိုးချစ်အင်အားစုများက အောက်မေ့ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ချီတက်ကာ ရွှေ့ပြောင်းဝင်ရောက်အခြေချမှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

လက်ယာယိမ်းအင်အားစုများ၏ ဆန္ဒပြပွဲများကြောင့် ဆူပူအုံကြွမှုများနှင့် ပဋိပက္ခများမဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့အင်အား အမြောက်အမြားကို ခူးအင်မြို့၌ တပ်ဖြန့်ထားရသည်။ မြို့တော်ဝန်ကမူ ဒေသခံပြည်သူများအနေနှင့် နေအိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ 

ယင်းမြို့တွင်နေထိုင်သောအသက် ၂၂ နှစ်အရွယ် ဂျာမန်လူမျိုးအမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ဂျာမန်ရဲတပ်ဖွဲ့က ရွှေ့ပြောင်းဝင်ရောက် အခြေချသူအာဖဂန်လူမျိုးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ 

အဆိုပါဂျာမန်အမျိုးသားသည် အာဖဂန်လူမျိုးသုံးဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့နှင့် အချင်းများပြီးနောက် ခိုက်ရန်ဖြစ်ခဲ့သည်။ အပြန်အလှန် ထိုးကြိတ်စဉ် လဲကျသွားခဲ့ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်းဖြစ်သည်။ 

ယင်းဂျာမန်လူမျိုးသေဆုံးမှုနှင့်ပတ်သက်၍ ခူးအင်မြို့မှ ဂျာမန်လူမျိုးအမြောက်အမြား ကဖယောင်းတိုင်များ၊ ပန်းစည်းများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကြသည်ဟု ဂျာမန်သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ခူးအင်းမြို့မှ ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးဖြစ်သူ မာတင်အိုအာယင်ကီက သေဆုံးသွားသူနှင့် သူ၏မိသားစုအတွက် သာမက အဆိုပါမြို့တွင် ငြိမ်းချမ်းရေးပေါ် ထွန်းနိုင်ရေးအတွက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

“ဒါဟာ အန္တရာယ်ရှိတဲ့ကိစ္စပါ။ ချမ်းမနစ်ဇ်မြို့မှာ ဖြစ်ခဲ့တာမျိုးပါပဲ။ အဲဒီတော့ ပြဿနာတွေကတက်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်သူမှပြဿနာမဖြစ်ချင်ကြဘူးလို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဘက်အားလုံးမှာ ရှိသူတွေအနေနဲ့ ခုလိုချိန်မှာ ပြဿနာမဖြစ်အောင်နေဖို့ တိုက်တွန်းပေးစေချင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ခူးအင်မြို့တော်ဝန် ဘားန်ဟောက်စ်ချိုင်းလ်ကမူ ဆန္ဒပြပွဲများကိုရှောင်ရှားကြစေလိုသည်ဟု ပြောကြားသည်။ 

သို့သော် ဆန္ဒပြသူများသည် ဂျာမန်အလံများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဖြင့်သာ ဆန္ဒထုတ်ဖော်ကြသည်ကိုတွေ့ရကြောင်း မီဒီယာများကဆိုသည်။ 

“တို့တစ်တွေဟာ ဂျာမန်ပြည်သူတွေပါ” ဟု ရေးသားထားသောဆောင်ပုဒ်ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။ 

အခြားသတင်းများအရ နာဇီလက်သစ် အင်အားစုများက လူမှုကွန်ရက်များပေါ်မှတစ်ဆင့် ခူးအင်မြို့ဖြစ်ရပ်အတွက် ဆန္ဒပြကြရန် တိုက်တွန်းဆော်ဩခဲ့သည်။ “ခူးအင်တွင် ချမ်းမနစ်ဇ်လိုဖြစ်ပြီ။ ချီတက်ကြ” ဟု လှုံ့ဆော်ပြောဆိုမှုများရှိခဲ့သည်။

F-01