News

POST TYPE

NEWS

တနင်္သာရီတိုင်းအတွင်း သစ်တောကြိုးပြင်ကာကွယ်တော ၁၉ ခု ဖွဲ့ရန်ပြင်
11-Sep-2018



ထားဝယ်၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းအတွင်း သစ်တော ဖုံးလွှမ်းမှုရှိနေသေးသည့် နေရာ ၁၉ ခုတွင် ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ သစ်တောဖုံးလွှမ်းမှုရှိသည့် နေရာ ၁၉ ခုတွင် မြေဧက နှစ်သိန်းကျော် (၂၂၅,၅၉၅ ဒသမ ၇၇ ဧက) ကို ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၏ သစ်တောဖုံးလွှမ်းမှု ဧရိယာက ၆၀ ရာခိုင်နှုန်းကျော်ရှိသည့်အနက် သစ်တောဌာနက ထိန်းသိမ်းခွင့်ရသည့် ကြိုးပြင်၊ ကြိုးဝိုင်းဧရိယာက ၃၂ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့်သစ်တောဖုံးလွှမ်းနေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါ နေရာ ၁၉ ခုအနက် ၇ နေရာကို ကြိုးပြင်ကာကွယ်တော သတ်မှတ်ရန် ရည်ရွယ်ကြောင်း၊ ပြည်ထောင်စုအစိုးရက ယမန်နှစ်နှင့် ယခုနှစ်အတွင်းက ကြေညာခဲ့ပြီးဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

“အခုဖွဲ့မယ့် ကြိုးပြင်ကာကွယ်တောသည် သစ်ထုတ်ဖို့ ရည်ရွယ်တာမဟုတ်သလို ဘယ်ကုမ္ပဏီ ဘယ်လုပ်ငန်းရှင်တွေကိုမှ ပေးဖို့မဟုတ်ဘူး၊ ဒီတောတွေ နောင်တစ်ချိန် မပျက်စီးမပြုန်းတီးသွားအောင် ထိန်းသိမ်းဖို့ ကာကွယ်ဖို့ပဲဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တိုင်းသစ်တောဌာနက ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ရန် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ အဆိုပြုထားသည့်နေရာ ၁၂ ခု ရှိသည်။

အဆိုပြုနေရာများကို ပြည်ထောင်စု အစိုးရက ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန် ကြေညာသည့်အချိန်ထိ အချိန် နှစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းခြင်းကို မူအားဖြင့် ကန့်ကွက်ရန်မရှိသော်လည်း ဒေသခံတောင်သူများ၏ လယ်ယာမြေများကို ကာကွယ်ပေးနိုင်ရန် လိုအပ်ပြီး ဧရိယာအနီးရှိ ဒေသခံများ၏ သဘောထားရယူရန်လည်း လိုအပ်ကြောင်း တနင်္သာရီ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။

“အပြုသဘောဆောင်ပြီးတော့ ကြိုဆိုတယ်၊ ဒါပေမဲ့ တောင်သူတွေရဲ့ လုပ်ကိုင်ခွင့် ပျောက်ဆုံးတာမျိုးတော့ ဖြစ်လို့မရဘူး၊ တောင်သူတွေရဲ့ ဒီတောကို မှီခိုလုပ်ကိုင်စားသောက် နေရတာအပေါ်မှာလည်း အသိအမှတ်ပြုပေးရမယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ပြည်ထောင်စုအစိုးရက ကြိုးပြင်ကာကွယ်တောအဖြစ် ရည်ရွယ်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် လျာထားသည့် ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း လယ်ယာများ၊ လူနေရွာများ အစရှိသည့် ဒေသခံများ၏ ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း တင်ပြလာပါက ချန်လှပ်ထားခဲ့မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။

ယင်းအတွက်ကြောင့် သတ်မှတ်မည့် ဧရိယာအတွင်းရှိ ကျေးရွာများတွင် ဗီနိုင်းပြားများဖြင့် ကြေညာထားသကဲ့သို့ သစ်တောဌာနဝန်ထမ်းများက ကွင်းဆင်းကာ ရှင်းပြနေကြောင်း ၎င်းက ဆိုသည်။

ကြိုးပြင်ကာကွယ်တော သတ်မှတ်ပြီးပါကလည်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (CF) လုပ်ကိုင်မည်ဆိုပါက လျှောက်ထားနိုင်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။

ပြည်ထောင်စုအစိုးရက ကြိုးပြင် ကာကွယ်တောဖွဲ့ရန် ရည်ရွယ်ကြောင်း ကြေညာထားသည့် နေရာ ၇ ခု အကျယ်အဝန်းမှာ ဧက ၇ သောင်းကျော် (၇၀,၉၁၇ ဒသမ ၃၇ ဧက) ရှိကြောင်း သစ်တောဌာနစာရင်းအရ သိရသည်။

တိုင်းဒေသကြီး သစ်တောဌာနက အဆိုပြုထားသည့် နေရာ ၁၂ ခုရှိပြီး အကျယ်အဝန်းမှာ ဧကတစ်သိန်းခွဲကျော် (၁၅၄,၆၇၈ ဒသမ ၄ ဧက) ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း သစ်တောဌာနက စီမံခွင့်ရှိသည့် သစ်တောကြိုးဝိုင်း ၂၉ ခု၊ ကြိုးပြင်ကာကွယ်တော ၁၆ ခု၊ သဘာဝထိန်းသိမ်း နယ်မြေ ၃ ခုမှ စုစုပေါင်း မြေအကျယ်အဝန်းမှာ ၃,၄၅၅,၅၇၂ ဒသမ ၅၁ ဧကရှိကြောင်း သစ်တောဦးစီးဌာနစာရင်းများအရ သိရသည်။

Dawei Watch