News

POST TYPE

NEWS

လှုပ်မြင်းစီးပွားရေး
10-Sep-2018
လက်တွေ့ဘဝ

ငယ်စဉ်ဘဝက ယနေ့ခေတ်လို အိုင်တီခေတ်မဟုတ်။ လက်ကိုင်ဖုန်းမရှိ၊ တီဗီမရှိ၊ ကလေးများအတွက် ကစားစရာ ရီမုတ်ကားများမရှိ။ ဂိမ်းဆိုသည်မှာ ဝေလာဝေး။ အတော်အသင့်ချမ်းသာသောအိမ်များတွင်သာ ကက်ဆက်ဝယ်နားထောင်နိုင်သည်။ လျှပ်စစ်မီးမရှိသဖြင့် ဓာတ်ခဲဖိုးတတ်နိုင်မှ နားထောင်နိုင်သည်။ အတော်အသင့်ငွေကြေးတတ်နိုင်သည့် အိမ်များကတော့ ရေဒီယိုဝယ်နိုင်ကြသည်။ ယင်းအချိန်က မြန်မာ့အသိုင်းအဝိုင်းသည် မိသားစုဘဝ ပုံမှန်ရပ်တည်နိုင်ရေး၊ ပုံမှန်ပညာရေးထက် ထူးခြားသောမျှော်မှန်းချက်၊ လိုလားချက် သိပ်မရှိ။ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့်၊ ပညာရေးလွတ်လပ်ခွင့် စတဲ့ဒီမိုကရေစီတန်ဖိုးများကိုလည်း မျှော်မှန်းခွင့်မရှိခြင်းကြောင့်လည်း ပုံမှန်ရပ်တည်နိုင်သည့်ဘဝများတွင်သာ ကျင်လည်နေကြရသည်။ ငယ်စဉ်က ဘဝအခြေအနေများသည် ယနေ့ခေတ်အခြေအနေများနှင့် များစွားကွာခြားခဲ့ပြီ ဖြစ်သည်။ ယနေ့သည် ကမ္ဘာ့ရွာကြီး ဖြစ်လာသည်။ တစ်နိုင်ငံ၏အဖြစ်အပျက်သည် အခြားနိုင်ငံများသို့လည်း ကူးစက်လာနေသည်။ ယင်း၏အကျိုးဆက်ကို ယနေ့ခံစားနေကြရသည်။

သို့သော်လည်း သာမန်ပြည်သူတစ်ယောက်အနေနှင့် နိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ ငွေကြေးမူဝါဒများ၊ ဘဏ္ဍာရေးစည်းမျဉ်းများဆိုသည်မှာ အလှမ်းဝေးကွာလွန်းလှသည်။ သာမန်ပြည်သူတွေ နေ့စဉ်ထိတွေ့နေရသည်မှာ ကုန်ဈေးနှုန်းနှင့် နေ့စဉ်ဝင်ငွေထွက်ငွေများပင်။ နေ့စဉ်ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အမျှ ကန့်သတ်ဝင်ငွေရရှိသည့် လက်လုပ်လက်စားများနှင့် ပုံမှန်ဝင်ငွေသာရှိနေသော ဝန်ထမ်းများ၏နေ့စဉ်ဘဝများ ရပ်တည်ရန် ခက်ခဲလာမည်မှာ သေချာပါသည်။ မိသားစုဝင်ငွေထွက်ငွေ မညီမျှလာပါက ထွက်ငွေကိုကန့်သတ်မလား၊ ဝင်ငွေတိုးလာအောင် လုပ်မလား စဉ်းစားရပါပြီ။ မိသားစုဘဝဆိုသည်မှာလည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် အလားတူပင်။ ထွက်ငွေနှင့်ညီသောဝင်ငွေကို အနည်းဆုံးရှာကြရပါမည်။ ဝင်ငွေမရှိဟုဆိုကာ ထွက်ငွေကို ကန့်သတ်မလား၊ ဝင်ငွေတိုးတက်ရန် လုပ်ဆောင်မလား။ မိသားစုဝင်ငွေထွက်ငွေ မညီမျှခြင်း၏ နောက်ကွယ်တွင် အကျိုးဆက်များစွာ ရှိလာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီစနစ်အတွက် ကြိုတင်အခြေအနေဖန်တီးပေးသည်ဆိုသည်။ လူမှုအသိုင်းအဝိုင်းများ ဒီမိုကရေစီသို့ ကူးပြောင်းရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အထောက်အကူဖြစ်စေပါသည်။ နိုင်ငံ့ဝင်ငွေ၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာခြင်းနှင့်အတူ အဆင့်မြင့်ပညာများ ရရှိလာမည်ဖြစ်သကဲ့သို့ သတင်းအချက်အလက်များ မြန်ဆန်စွာရရှိခြင်း၊ မြို့နေလူတန်းစားများပြားလာခြင်း၊ ယခင်ခေတ်နောက်ကျနေသည့် အယူအဆဟောင်းများ နည်းပါးလာခြင်းများ ဖြစ်ပေါ်လာပေမည်။ ယင်းကို နိုင်ငံရေးသိပ္ပံရှင်များက လူမှုအသိုက်အဝန်းတိုးတက်မြင့်မားလာခြင်းဟု ခေါ်ဆိုကြသည်။ စီးပွားရေးဖွံ့ဖြိုးမှုကြောင့် အလယ်အလတ်လူတန်းစားများ များပြားလာနိုင်မည်ဖြစ်သည်။ နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေမြင့်မားလာသည်နှင့်အမျှ ဒီမိုကရက်တစ် လူ့အသိုင်းအဝိုင်းများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ယင်းသည် ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြား ဆက်စပ်မှုပင်ဖြစ်သည်။

ဒီမိုကရေစီသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိသော်လည်း သွယ်ဝိုက်သောအားဖြင့် ကြီးမားစွာ အကျိုးသက်ရောက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ်တွင် အရည်အသွေးမြင့် လူသားအရင်းအမြစ်များလိုအပ်ခြင်း၊ ငွေကြေးဖောင်းပွမှုလျော့နည်းခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနည်းပါးခြင်း၊ စီးပွားရေးလွတ်လပ်ခွင့် ပိုမိုရရှိခြင်း စသည်တို့နှင့် ဆက်စပ်လျက်ရှိသည်။ ဒီမိုကရေစီနစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအမြစ်များဖြစ်သော ပညာရေးအဆင့်အတန်း၊ လူ့သက်တမ်းတို့နှင့်လည်း များစွာဆက်စပ်လျက်ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒီမိုကရေစီစနစ် ကျယ်ပြန့်လာသည်နှင့်အမျှ ပိုမိုကောင်းမွန်သော ဘဝအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေကောင်းရေသန့်ရရှိမှု စသည့် အခြေအနေအားလုံးသည် လူ့သက်တမ်းရှည်စေသကဲ့သို့ ကုန်ထုတ်လုပ်မှုကိုလည်း တိုးတက်စေပါသည်။ ထိုသို့ဆိုလျှင် စနစ်ကူးပြောင်းဆဲ နိုင်ငံတစ်နိုင်ငံအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ရပ်ဟု ဆိုရပါမည်။ ကိုရီးယားနိုင်ငံ အပြောင်းအလဲတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် ထိပ်တန်းက ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယနေ့စီးပွားရေးနှင့် လူထုအပေါ်ဂယက်

ဒေါ်လာဈေးတက်ခြင်း၊ မြန်မာငွေတန်ဖိုးကျခြင်းများသည် သာမန်လူတစ်ဦးအတွက် စိတ်ဝင်စားမှုနည်းလှသည်။ ဒေါ်လာသည် သာမန်လူတန်းစားတို့ ကျင်လည်နေရသည့်ဘဝနှင့် များစွာမပတ်သက်၍လည်း ဖြစ်မည်။ သို့သော်လည်း ဒေါ်လာဈေးတက်ခြင်း၊ မြန်မာငွေတန်ဖိုးကျခြင်းများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များကတော့ ပြည်သူအားလုံး၏ နေ့စဉ်ဘဝများကို ရိုက်ခတ်လျက်ရှိပါသည်။ အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် နိုင်ငံတကာတွင်လည်း ဒေါ်လာဈေးတက်ပြီး ကျန်ငွေကြေးများ ကျဆင်းလျက်ရှိသည်ဟု ဆိုသည်။ သို့သော် မြန်မာကျပ်ငွေသည် အခြားသောနိုင်ငံငွေကြေးများထက် ပိုမိုကျဆင်းလျက်ရှိကြောင်းလည်း သိရသည်။ ယနေ့ကမ္ဘာသည် ဂလိုဘယ်လိုက်ဇေးရှင်းအရ ဆင့်ကဲအကျိုးသက်ရောက်မှုများ ရှိနေမည်မှာ သေချာပါသည်။ နိုင်ငံတကာဈေးကွက်များနှင့် ပြည်တွင်းဈေးကွက်များသည် အပြန်အလှန် ချိတ်ဆက်ရှိရာ ယင်း၏ ကောင်းကျိုးဆိုးကျိုးများလည်း ခံစားရမည်ဖြစ်သည်။ သို့သော်လည်း ဖြစ်သင့်သည့် အကျိုးသက်ရောက်မှုထက် ပိုမိုနေခြင်း၊ အကျိုးသက်ရောက်မှုများကို ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရေရှည်စီးပွားရေးမူဝါဒများ၊ ငွေကြေးမူဝါဒများချမှတ်ခြင်းများသည် မိမိနိုင်ငံ၏ ကြိုတင်မျှော်တွေးနိုင်မှု၊ ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့်သာ သက်ဆိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို ADB ၏ ဖော်ပြချက်အရ GDP တိုးတက်နှုန်းမှာ ၂၀၁၅ တွင် ၇ ဒသမ ဝ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ၊ ၂၀၁၇ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ၊ ၂၀၁၈ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းဟု ဖော်ပြထားပြီး ၂၀၁၉ တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ Per Capita GDP Growth Rate အနေနှင့် ၂၀၁၅ တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ၊ ၂၀၁၈ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်မည်ဟု ဖော်ပြထားသည်။ ငွေကြေးဖောင်းပွမှုတွင်လည်း ၂၀၁၅ တွင် ၁၀ ဒသမ ဝ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ၊ ၂၀၁၇ တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ တွင် ၆ ဒသမ ဝ ရာခိုင်နှုန်းဖြစ်မည်ဟု ဖော်ပြထားသည်။ ယင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် တွင် GDP တိုးတက်မည်၊ Capita GDP Growth Rate တိုးတက်မည်၊ ငွေကြေးဖောင်းပွမှုကျဆင်းမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း ကုန်သွယ်ရေးလိုငွေပြမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားနည်းနေခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှု၊ ပြည်တွင်းတွင် အသေးစားအလတ်စားလုပ်ငန်များ တုံ့နှေးနေမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်ထုတ်လုပ်မှု အားနည်းနေခြင်းများ၊ လူသားအရင်းအမြစ် အခြေအနေများ၊ လုံခြုံရေး အခြေအနေများ စသည်တို့သည် ၂၀၁၉ ၏ လက်တွေ့မြန်မာ့စီးပွားရေးကို ပုံဖော်နေသကဲ့သို့ပင်။ နိုင်ငံတစ်ခု၏ စီးပွားရေး တိုးတက်စေရေးတွင် အသေးစားစီးပွားရေး Micro Economy နှင့် အကြီးစား စီးပွားရေး Macro Economy နှစ်ခုစလုံး ပါဝင်နေသည်။ အသေးစား မိုက်ခရိုအဆင့်စီးပွားရေးကို ပစ်ပယ်ထား၍မရနိုင်သလို အကြီးစား မက်ခရိုစီးပွားရေးကိုလည်း ပစ်ပယ်ထား၍ မရနိုင်။ မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ကိုက်ညီသော မိုက်ခရိုစီးပွားရေးမူဝါဒ၊ မက်ခရိုစီးပွားရေးမူဝါဒများ အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေပါသည်။

နိုင်ငံတစ်နိုင်ငံ၏ စနစ်တစ်ခုပြောင်းလဲရန်အတွက် အခြေအနေများစွာလိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လူမှုတန်ဖိုး စသည့်ဘက်စုံကဏ္ဍများ ဆက်စပ်ပါဝင်နေမည်ဖြစ်သည်။ ယင်းကဏ္ဍအသီးသီးတွင် ရေရှည်အချိန်ယူ၍ပြောင်းလဲရမည့် ကဏ္ဍများရှိသကဲ့သို့ လတ်တလော ပြောင်းလဲပေးရမည့်ကဏ္ဍများလည်း ရှိနေပါသည်။ အထူးသဖြင့် ပြည်သူများ၏နေ့စဉ်ဘဝများနှင့် ဆက်စပ်ပတ်သက်နေသည့်ကဏ္ဍများကိုလည်း ဦးစားပေးဆောင်ရွက်ပေးရန် လိုအပ်ပေမည်။ နိုင်ငံရေးစနစ်ပြောင်းလဲခြင်းဖြစ်၍ နိုင်ငံရေးတစ်ခုတည်းကိုသာ ဦးစားပေး၍မရနိုင်သည်ကတော့ သေချာသည်။ နိုင်ငံရေးပြောင်းလဲမှုဆောင်ရွက်ခြင်းနှင့်အတူ စီးပွားရေးတိုးတက်မှု ဆောင်ရွက်မှသာ ဟန်ချက်ညီသော တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံရေးနှင့်တန်းတူ အရေးပါသော၊ လူထုအပေါ် အကျိုးသက်ရောက်မှုအများဆုံးသော စီးပွားရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ စီးပွားရေးကို ဦးစားပေးဆောင်ရွက်ကြရန်ကိုလည်း ပညာရှင်များက ထောက်ပြထားခဲ့ကြပြီး ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ ဆောင်ရွက်ချက်များသည် လူထုနှင့်ကင်းကွာနေဆဲဟု ဆိုရပါမည်။ နိုင်ငံ၏ ယနေ့စီးပွားရေးသည် မြင့်တက်လာသည့်ကုန်ဈေးနှုန်းနှင့်အတူ အလယ်အလတ်လူတန်းစားများ၊ ဝန်ထမ်းများ၊ လက်လုပ်လက်စားများ၏ စိတ်ပိုင်းဆိုင်ရာစိုးရိမ်သောကများ၊ ကျပ်တည်းလာသည့် စားဝတ်နေရေးများကို ဟန်ချက်မထိန်းနိုင်သေးချေ။ နိုင်ငံ၏စီးပွားရေးဆောင်ရွက်ချက်များကို ၂၀၁၁ ခုနှစ်မှ အပြောင်းအလဲကာလဖြစ်သည့် ၇ နှစ်ကျော်အတွင်း နှစ်အလိုက် စီးပွားရေးဆောင်ရွက်မှုအခြေအနေကို သုံးသပ်ကြည့်လျှင် သိသာစွာမြင်နိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကို အထောက်အကူဖြစ်စေသည်ဟုဆိုလျှင် လက်ရှိစီးပွားရေးအခြေအနေသည် အပြုသဘောအထောက်အကူ ဖြစ်စေမလား၊ အပျက်သဘောအထောက်အကူဖြစ်စေမလား သုံးသပ်ရန်လိုပါမည်။ ယနေ့မြန်မာ့စီးပွားရေးအခြေအနေသည်ကတော့ လူထုအပေါ် ဂယက်ကြီးစွာ ရိုက်ခတ်နေသည်ကတော့ သေချာသည်။

လှုပ်မြင်း

ငယ်စဉ်က ယနေ့ခေတ်လို အိုင်တီပစ္စည်းများမရှိ အခြားဖျော်ဖြေ ရေးပစ္စည်းများလည်း မရှိခြင်းကြောင့် ဒေသန္တရလက်လုပ်ကစားစရာများဖြင့်သာ ကစားခဲ့ရသည်။ ယင်းကစားစရာပစ္စည်းများထဲတွင် လှုပ်မြင်းခေါ် သစ်သားဖြင့်ပြုလုပ်ထားသည့် မြင်းရုပ်စီးပြီး ကစားခဲ့ရသည်။ မြင်းရုပ်ဖြစ်၍ မြင်းစီးသကဲ့သို့ စီးရသော်လည်း ကြိုက်သလောက်စီး ထိုနေရာမှ မရွေ့။ ရှေ့နောက်သာ လှုပ်နေသည်။ မြန်မာ့စီးပွားရေးသည်လည်း လှုပ်သာလှုပ်၍ မရွေ့သော လှုပ်မြင်းသဖွယ်ဟု မြင်မိပါသည်။

သိန်းထွန်း (IR)