News

POST TYPE

NEWS

မြောက်ကိုရီးယားနိုင်ငံ ထူထောင်ခြင်း နှစ်ပေါင်း ၇၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ဒုံးကျည်လက်နက်ကြီးများ ပြသခြင်းမရှိတော့ဟု သတင်းထွက်


ပြုံယမ်း၊ စက်တင်ဘာ ၉

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော မြောက်ကိုရီးယားကွန် မြူနစ်နိုင်ငံတော် ထူထောင်ခြင်းနှစ်ပေါင်း ၇၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ ထုတ်ဖော်ပြသခြင်းမရှိဘဲ ရိုးရှင်းစွာ ချီတက်လမ်း လျှောက်မှုကိုသာ ပြသခဲ့သည်ကိုတွေ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ယင်းချီတက်စစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း မိန့်ခွန်းပြောဆိုခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်းမသိရပေ။ 

ယခု စစ်ရေးပြအခမ်းအနားသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းပါမည်ဟု ကတိပြုထားပြီးဖြစ်သည့် မြောက်ကိုရီးယားအနေနှင့် ယင်းကတိစကားအတိုင်း အမှန်တကယ်လုပ်ဆောင်လိုသည့် ဆန္ဒရှိ၊ မရှိကို ဖော်ကျူးမည့် အခမ်းအနားလည်း ဖြစ်သည်။ 

လေ့လာဆန်းစစ်သူအချို့ကတော့ ဥက္ကဋ္ဌကင်ဂျုံအန်းသည် သမ္မတဒေါ်နယ် ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်သောကြောင့် ယခင်လိုရန်စပြုမူသည့် အပြောအဆိုများပြောဆိုတော့မည် မဟုတ်ဟု ခန့်မှန်းကြသည်။ 

အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်စွမ်းရှိသည့် ပဲ့ထိန်းဒုံးကျည်ကြီးများကို စစ်ရေးပြ အခမ်းအနား၌ပြသခြင်းသည် ရန်စပြုမူမှုအဖြစ် သတ်မှတ်နိုင်သည်။ 

အဆိုပါ စစ်ရေးပြအခမ်းအနားကို နိုင်ငံခြား မီဒီယာများကထုတ်ဖော်ပြသခြင်းမရှိပေ။ သို့သော် ယင်းအခမ်းအနားသို့ ရောက်ရှိနေသည့် AFP သတင်းထောက်က မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံ၏ ထုတ်လွှင့်ချက်ကို ရိုက်ကူးပေးပို့သော ဓာတ်ပုံများအရ ပဲ့ထိန်းဒုံးကျည်များနှင့် တိုက်ချင်းပစ်ဒုံးပျံများ ပါဝင်ခြင်းမရှိပေ။ 

ကင်ဂျုံအန်းနှင့် ဒေါ်နယ်ထရမ့်တို့သည် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် မည်သည့်နေ့ရက်တွင် စတင်အကောင်အထည်ဖော်မည်၊ မည်သို့မည်ပုံ လုပ်ဆောင်သွားမည်ဟူသော အချက်တို့ကို ရှင်းရှင်းလင်းလင်းမသိရပေ။ 

ထရမ့်နှင့် ကင်ဂျုံအန်းတို့ တွေ့ဆုံပြီးနောက် နှစ်ဖက်အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ခဲ့သော်လည်း မကြာသေးခင် ဩဂုတ်လနှောင်းပိုင်းက မြောက်ကိုရီးယားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို သွားရောက်မည့် ခရီးစဉ်ကို သမ္မတထရမ့်က ဖျက်သိမ်းလိုက်ပြီးနောက် ဆက်ဆံရေးတင်းမာသည့်အနေအထားသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ဆွေးနွေးပွဲများရပ်တန့်သွားရခြင်းအတွက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

ယခုနှစ်ပေါင်း ၇၀ ပြည့်နှစ်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် ဒုံးကျည်လက်နက်ကြီးများ ပါဝင်ခြင်းမရှိခြင်းကြောင့် အနာဂတ်တွင် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲများကို မြင်တွေ့လာရဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည်သူများက ဆိုသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက်ပိုင်း၌ ကွန်မြူနစ်နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်ရေးကို ပို၍အာရုံစိုက်လာခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်များအတွက် အပန်းဖြေစခန်းများတည်ဆောက်ရေး၊ စက်ရုံများအဆင့်မြှင့်တင်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး စသည်တို့ကို နျူကလီးယားလက်နက်ကိစ္စထက် ပိုမိုအလေးပေးခဲ့သည်။ 

အခြားသတင်းများအရယခုနိုင်ငံ ထူထောင်ခြင်းနှစ် ၇၀ ပြည့်နှစ်အထိမ်း အမှတ်ကာလမတိုင်မီ မြောက်ကိုရီးယားနိုင်ငံထဲသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမြင့်တက်လာသည်။ မြို့တော်ပြုံယမ်းတွင် ကမ္ဘာလှည့်ခရီးသည်များသာမက ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြည်ပမီဒီယာများကိုလည်း တွေ့ရသည်။

F-04