News

POST TYPE

NEWS

နာဂဒေသတွင် အဖျားရောဂါကြောင့် သေဆုံးသူ ၇ ဦးအထိရှိ
09-Sep-2018

ကလေး၊ စက်တင်ဘာ ၉ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ရွာလုံးကျွတ်နီးပါး ဒေသခံများတွင် အဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူဦးရေမှာ ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က အတည်ပြုပြောကြားသည်။

နန်းယွန်းမြို့နယ်၊ ရှန်ဟဲပေါ်ကွန် ကျေးရွာဒေသခံများတွင် ရာသီကူးပြောင်းကာလတွင် ဖြစ်ပွားတတ်သည့် အဖျားရောဂါ ထပ်မံဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာလ ၇ ရက်နေ့က အသက်တစ်လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဦးစိမ်းမောင်က ပြောကြားသည်။

ယင်းကြောင့် နန်းယွန်းမြို့နယ်အတွင်း ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ စက်တင်ဘာလ ၈ ရက်နေ့အထိ အဖျားရောဂါကြောင့် လန်းပန်းကျေးရွာတွင် လေးဦး၊ ရှန်ဟဲပေါ် ကွန်ကျေးရွာတွင် တစ်ဦးနှင့် ဟချွန်းဆာ ကျေးရွာတွင် နှစ်ဦး စုစုပေါင်း ကလေးငယ် ၇ ဦး သေဆုံးခဲ့သည်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ ဝမ်ရုတ်ကျေးရွာ၊ လန်းပန်းကျေးရွာနှင့် ဟချွန်းဆာကျေးရွာတို့မှ ဒေသခံများတွင် အသက်ရှူကျပ်ခြင်း၊ မျက်စိနီခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် ဖျားနာခြင်းတို့ဖြစ်ပေါ်ပြီး ယခုအခါ ရှန်ဟဲပေါ်ကွန်ကျေးရွာ ဒေသခံများတွင် ရောဂါ ထပ်မံဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်ဆုံး လူသေဆုံးမှုရှိခဲ့သည့် ရှန်ဟဲပေါ်ကွန်ကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စုရှိပြီး လူဦးရေမှာ အမျိုးသား၂၉၈ ဦး၊ အမျိုးသမီး ၃၀၆ ဦးနေထိုင်ကာ ယင်းကျေးရွာရှိ ကလေးများသာမက လူကြီးများပါ နေထိုင်မကောင်းဖြစ်နေကြကြောင်း ရောဂါဖြစ်ပွားခဲ့သည့်ကျေးရွာသို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ရှင်းပြသည်။

“ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ရွာကို သွားရောက် ဆေးကုသမှု ပြုလုပ်နေပါတယ်။ စိုးရိမ်ဖွယ်ရာ အခြေအနေတော့ မမြင်ရတော့ပါဘူး။ လိုအပ်တဲ့ဆေးတွေကိုလည်း ထပ်မံမှာယူပြီး ကျန်းမာရေးဝန်ထမ်း လုံလုံလောက်လောက်နဲ့ ဆေးကုသမှု ပြုလုပ်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းကလည်း နာဂဒေသ၊ လဟယ်မြို့နယ်၊ လောနောကုန်းကျေးရွာတွင် ချောင်းဆိုးရောဂါဖြစ်ပွား၍ ကလေးငယ်များ အပါအဝင် လူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ်ကလည်း နန်းယွန်းမြို့နယ် ကဲဆန်ကားလန်၊ ကဲဆန်ဆာလင်၊ ကဲဆန်လောင်ကျန်၊ ရှိတ်ညိုနှင့် ကဲဆန်ဘောက်လွန်ရွာများတွင်လည်း ဖျားနာပြီးချောင်းဆိုးသည့် ဝေဒနာကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့သည်။

R-20