News

POST TYPE

NEWS

ဆွာတမံ ထပ်ကျိုးမည်ကိုကြောက်၍ ဒေသခံအချို့ နေရာပြောင်းလို
09-Sep-2018 tagged as ဒေသခံ ဆွာတမံ

တောင်ငူ၊ စက်တင်ဘာ ၈

ဆွာချောင်းတမံ ရေထိန်းတံခါး ကျိုးပေါက်ပျက်စီးခဲ့ရာတွင် အကြီးမားဆုံးပျက်စီးထိခိုက်မှုကို ကြုံခဲ့ရသော ကျွန်းတောစုကျေးရွာတွင် နေထိုင်သူများသည် ဆွာဆည်ထပ်မံကျိုးပေါက်မည်ကို စိုးရိမ်၍ အမြန်လမ်းဘေးရှိ မြေလွတ်များအနီးသို့ ရွှေ့ပြောင်းပေးစေလိုကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ယင်းဆည်ကျိုးပေါက်မှုကြောင့် အခြားရွာများ အိမ်ခြေပျက်စီးဆုံးရှုံးမှုများရှိသည်ဟု ဆိုသော်လည်း ရေတာရှည်မြို့နယ် ဆွာမြို့အနောက်ဘက် သိုင်းဝကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျွန်းတောစုရွာမှ အများဆုံးအဖြစ် အိမ်ခြေ ၅၀ နီးပါး လုံးဝပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ဆက်လက်မနေရဲတော့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

“အခင်းဖြစ်နေ့က မနက် ၅ နာရီ ကျော်လောက်မှာ ရေတက်လာတယ်။ ရေမြင်နေတုန်းမှာပဲ ရွာသူ၊ ရွာသားတွေနဲ့ ဘုန်းကြီးတို့ တောင်ကုန်းတွေပေါ် အမြန်ရွှေ့လိုက်ရတယ်။ ရေကျတော့ အိမ် ၄၆ လုံး လုံးဝ ပျက်စီးဆုံးရှုံးသွားတယ်ဆိုတော့ မနေရဲကြတော့ဘူး”ဟု ကျွန်းတောစု ရွာဦးကျောင်း ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။

ကျွန်းတောရွာသည် ဆွာဆည် အောက်ဘက်တွင် တည်ရှိပြီး လူနေအိမ် ၂၃၀ ခန့်တွင် လူဦးရေ ၉၈၀ ခန့် နေထိုင်ကြကာ လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၄၆ လုံးရှိသည့်အပြင် ကျန်လူနေအိမ်များမှာလည်း အိမ်ထောင်ပရိဘောဂ ပစ္စည်းများသာမက ယိုင်ရွဲ့ပျက်စီးမှုများပြားသော်လည်း အစိုးရတာဝန်ရှိသူများ၏ အကူအညီကို ယခုအချိန်အထိ မရရှိသေးကြောင်း အဆိုပါကျေးရွာတွင် နေထိုင်သူများက ဆိုသည်။

“ကျွန်တော် ဒီရွာမှာ ငယ်မွေးခြံပေါက်ပါ။ အခုလိုဖြစ်သွားတော့ ဆက်နေရမှာ ကြောက်သွားတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ ချပေးတဲ့နေရာ နေရမှာဖြစ်ပေမယ့် ရေဘေးမရှိတဲ့ နေရာနေချင်တယ်”ဟု ကျွန်းတောစုကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးအောင်မင်းက ဆိုသည်။

ဆည်ရေကျိုးပေါက်ရာမှ ရေနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာအချို့ရွှေ့ပြောင်းလိုသည့် အနေအထားကို စီစဉ်ပေးရမည် ဖြစ်သော်လည်း အဆင့်ဆင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ရှင်းပြသည်။

အမြန်လမ်းမကြီးအနောက် သုံးမိုင်ခွဲခန့်အကွာ ဆွာမြို့သိုင်းဝကျေးရွာအုပ်စုဝင် ကျွန်းတောစု၊ တမံဆည်နှင့် လှည်းလမ်းကူးကျေးရွာများ အနီးကပ်ဆုံးရှိနေခဲ့သော်လည်း ဆည်ရေကြောင့် ထိခိုက်ပျက်စီးမှုမှာ ကျွန်းတောစုကျေးရွာသည် အဆိုးရွားဆုံးဖြစ်ကြောင်း ရေဘေးကယ်ဆယ်ရေး ရောက်ရှိခဲ့ကြသူများထံမှ သိရသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့၏ အနောက်ဘက် သိုင်းချောင်းကျေးရွာအနီး ဆွာချောင်းတမံကျိုးပေါက် ပျက်စီး (ရေထိန်းတံခါး) ခဲ့သည့်အတွက် လူဦးရေ သုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး ပျက်စီးခဲ့သည့် လူနေအိမ် ၁၈၅ လုံးအတွက် တစ်အိမ်ထောင်လျှင် ကျပ်သုံးသိန်း (ပြိုလဲ) နှင့် ထိခိုက်သည့်အိမ်ကို ကျပ်ရှစ်သောင်း ထောက်ပံ့ပေးခဲ့ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

R-15