News

POST TYPE

NEWS

ဘရာဇီး လက်ယာစွန်းသမ္မတလောင်း မဲဆွယ်စည်းရုံးစဉ် ဓားထိုးတိုက်ခိုက်ခံရ
09-Sep-2018


ဂျုဇီဖိုရာ (ဘရာဇီး)၊ စက်တင်ဘာ ၈

ဘရာဇီးနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု တစ်ပြေးနေသူ လက်ယာစွန်း သမ္မတလောင်း ဂျေယာဘို ဆိုနာရိုသည် ယမန်နေ့က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတစ်ခု ပြုလုပ်စဉ် ဓားထိုးတိုက်ခိုက်ခံခဲ့ရကြောင်း၊ ၎င်း၏ ဓားထိုးဒဏ်ရာမှာ ပြင်းထန်လှသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင်မရှိဟု ဆေးရုံမှ ကျန်းမာရေးအာဏာပိုင်များက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ယာစွန်းလွှတ်တော်အမတ် ဂျေယာဘိုဆိုနာရိုသည် ဂျူဇီဖိုရာမြို့၌ မဲဆွယ်စည်းရုံးနေစဉ် ဓားထိုးခံခဲ့ရခြင်းဖြစ်သည်။ 

၎င်း၏ သားဖြစ်သူ၏အဆိုအရ ဂျေယာဘိုဆိုနာရိုကို ယခုအခါ ဆောင်ပေါလိုမြို့ရှိ ဆေးရုံ၌ ကြပ်မတ်ကုသလျက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေတွင် မရှိတော့ကြောင်း သိရသည်။ 

ဓားထိုးတိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူကို အခင်းဖြစ်ပွားပြီးနောက် မိနစ်ပိုင်းတွင်ပင် ချက်ချင်းဖမ်းမိခဲ့သည်ဟု ဘရားဇီးရဲတပ်ဖွဲ့က ပြောကြားသည်။ ဓားထိုးခဲ့သူက ၎င်းသည် ဘုရားသခင်ထံပေးသော မစ်ရှင်တစ်ခုကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကိုပြောကြားသည်ဟုလည်း ဆိုသည်။ 

ဓားထိုးဒဏ်ရာကြောင့် ဂျေယာဘို ဆိုနာရိုအနေနှင့် ဆေးရုံတွင် အနည်းဆုံး တစ်ပတ်ခန့် ကုသမှုခံယူရမည်ဖြစ်ကြောင်း ဆရာဝန်များကဆိုသည်။ ထို့ပြင် ဆေးရုံမှ ဆင်းပြီးသော်လည်း ဆက်၍အနားယူရမည်ဟု ပြောကြားသည်။ 

“သူရဲ့အတွင်းဒဏ်ရာတွေက ပြင်းထန်ဆိုးရွားတယ်။ အသက်အန္တရာယ်ပါ စိုးရိမ်ခဲ့ရတယ်”ဟု သမ္မတလောင်း ဂျေယာဘိုဆိုနာရိုကို ခွဲစိတ်ကုသပေးခဲ့သူ ဒေါက်တာလူးဝစ်ဟင်းနရစ်ဘိုဆာတိုက ပြောကြားသည်။ သို့သော် ယခုအခါ စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း ဆက်လက်ပြောကြားသည်။ 

လက်ရှိအနေအထားတွင် ဂျေယာဘို ဆိုနာရို၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ ယခင်သမ္မတဟောင်း လူးဝစ်အင်စီယိုလူလာဒါ ဆေးလ်ဗားမှာ အကျဉ်းထောင်အတွင်းမှ မဲဆွယ်စည်းရုံးရသည့် အနေအထားမျိုးနှင့် ကြုံတွေ့နေရသည်သည်။ ၎င်းသည် အာဏာရှိစဉ် အဂတိလိုက်စားခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ဖမ်းဆီးခံထားရသည်။ 

သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ လာမည့်အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည်။ 

“ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ လုံခြုံမှုမရှိတဲ့အနေအထားထဲကို ရောက်သွားပါပြီ”ဟု ဆောင်ပေါလို စီးပွားရေးကောလိပ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ကားလို့စ်မီလိုက ပြောကြားသည်။ 

ဘရာဇီးနိုင်ငံတွင် လတ်တလော ကာလများအတွင်း ဆူပူအုံကြွမှုများ၊ အဂတိလိုက်စားသည်ဟူသော သတင်းဆိုးများက နိုင်ငံရေးသမားအတော်များများ၏ ပုံရိပ်ကိုကျဆင်းစေလျက်ရှိသော်လည်း သမ္မတလောင်း ဂျေယာဘိုဆိုနာရိုမှာ ရာဇဝတ်မှုများအပေါ်ထားရှိသည့် တင်းမာသော သဘောထား၊ ၁၉၆၄-၈၅ ခုနှစ်ကာလ စစ်အာဏာရှင်စနစ်ကို အမွှမ်းတင်မှု အစရှိသည်တို့ကြောင့် ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအကြား အထူးရေပန်းစားလျက်ရှိသည်။ 

သို့သော် ဂျေယာဘိုဆိုနာရို၏ အစွန်းရောက် အတွေးအခေါ်များနှင့် ကြမ်းတမ်းသောမိန့်ခွန်းများက ဘရာဇီးပြည်သူအတော်များများကို ထိတ်လန့်စေလျက်ရှိသည်။ 

သောကြာနေ့တွင် ဂျေယာဘိုဆိုနာရိုက ဆောင်ပေါလိုမြို့ဆေးရုံ ခုတင်ပေါ်မှနေ၍ ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့သည်။ “ကျွန်တော်တို့အားလုံး ကိုယ်ပိုင်မစ်ရှင်တစ်ခုစီနဲ့ ကမ္ဘာကြီးပေါ် ရောက်လာတာ။ ခင်ဗျားတို့က အန္တရာယ်ပေးလာပြီဆိုတော့ ကျုပ်ကလည်းခုလို အချိန်ကာလတွေအတွက် ပြင်ဆင်ထားရတာပေါ့”ဟု ဂျေယာဘိုဆိုနာရိုက ပြောကြားသည်။ 

ဂျေယာဘိုဆိုနာရို၏ သားဖြစ်သူ ဇလာဗီယိုဘိုဆိုနာရိုက ၎င်း၏ဖခင်ဖြစ်သူမှာ သတိကောင်းစွာရှိပြီး စိုးရိမ်စရာအခြေအနေတွင် မရှိတော့ကြောင်း၊ ဓားထိုးတိုက်ခိုက်မှုသည် နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း ဆေးရုံအပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားသည်။ 

“ဖခင်ကောင်းတစ်ယောက်၊ ဘရာဇီးပြည်သူတွေရဲ့ မျှော်လင့်ချက်လိုဖြစ်နေတဲ့ ယောကျာ်းတစ်ယောက်ကို အခုလို တိုက်ခိုက်လိုတဲ့ အုပ်စုတွေကိုကျွန်တော်တစ်ခု ပြောချင်ပါတယ်။ ခင်ဗျားတို့ဟာ သူ့ကို သမ္မတဖြစ်အောင် တင်မြှောက်လိုက်ပြီပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပထမအကျော့မှာတင် သူနိုင်လိမ့်မယ်”ဟု သားဖြစ်သူက ဆက်လက်ပြောကြားသည်။ 

F-01


  • VIA