News

POST TYPE

NEWS

ဟိန္ဒားသတ္တုတွင်း သတ္တုထုတ်လုပ်ခွင့် တင်ဒါစနစ်ဖြင့် ချထားပေးသင့်ကြောင်း တနင်္သာရီတိုင်းအစိုးရ မှတ်ချက်ပေး
07-Sep-2018



ထားဝယ်၊ စက်တင်ဘာ ၇

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နောက်ထပ်ထုတ်လုပ်ခွင့်ကို တင်ဒါစနစ်ဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ သဘောထား မှတ်ချက်ပေးထားကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းမှာ လာမည့် ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

ထိုကြောင့် ယင်းကုမ္ပဏီက ပြည်ထောင်စုအစိုးရထံ နောက်ထပ်ထုတ်လုပ်ခွင့် ချထားပေးရန် တင်ပြခဲ့ရာ ပြည်ထောင်စုမှ တိုင်းအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် တောင်းခံသဖြင့် ပြီးခဲ့သည့်အပတ်က အထက်ပါအတိုင်း သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ဟိန္ဒားသတ္တုတွင်း၏ မြေပြင်အနေအထားအရ မြန်မာပွန်ပီပက်ကုမ္ပဏီမှ မြန်မာ့သတ္တ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်နိုင်စေရန် ယင်းသို့သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ပြည်ထောင်စုက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာတော့ ကြိုမပြောနိုင်ဘူးပေါ့”ဟု ဝန်ကြီးက ပြောသည်။

ဥပဒေအရ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုက ချထားပေးခြင်းဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒားသတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒဿမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ အထိ ၁၅ နှစ်တိတိလည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန်အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့်ရရှိထားပြီး စည်းကမ်းပျက် သတ္တုထုတ်မှုကြောင့် ယခုအစိုးရလက်ထက်တွင် သတ္တ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်းခံခဲ့ရသည်။

ယင်းကုမ္ပဏီ၏ စည်းကမ်းမဲ့သတ္တုထုတ်လုပ်မှုကြောင့် မြောင်းပြိုချောင်း၊ ဟိန္ဒားချောင်းများပျက်စီးပြီး ချောင်းတစ်ဝိုက်ရှိ ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ၊ သောက်သုံးရေများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတို့က ပြောကြသည်။

ယင်းပျက်စီးဆုံးရှုံးမှုများအတွက် ကုမ္ပဏီက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိဘဲ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း ဟိန္ဒားသတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောသည်။

“ကိုယ်လွတ်ရုန်းထွက်ပြေးသွားသည့်အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး၊ ဒီအတိုင်း လွှတ်လိုက်ရင် တိုင်းဒေသကြီးရဲ့ဂုဏ်သိက္ခာ၊ အစိုးရရဲ့ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာတွေကို တိုက်ရိုက်နှိမ့်ချ ပစ်လိုက်ရာ ရောက်နေတယ်”ဟု ဦးရဲအောင်က ပြောသည်။

Dawei Watch