News

POST TYPE

NEWS

တိုက်ပွဲများ လျှော့ချရေး အရေးကြီးအဆို ပယ်ချ
07-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အလျင်အမြန်ညှိနှိုင်းကာ တိုက်ပွဲများ လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော်လည်း တင်ခွင့်မပြုဘဲ ပယ်ချခဲ့ကြောင်း အဆိုပါ အဆိုတင်သည့် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်နန်းခမ်းအေးက ပြောကြားသည်။

တိုက်ပွဲများ လျှော့ချရေး အရေးကြီးအဆိုကို စက်တင်ဘာလ ၃ ရက်တွင်လည်းကောင်း၊ စက်တင်ဘာလ ၅ ရက်တွင် လည်းကောင်း တင်ပြခဲ့သော်လည်း ပယ်ချခဲ့ခြင်းဖြစ်သည်။

အဆိုအနေနှင့် လွှတ်တော်တွင် အတည်ပြုဆွေးနွေးနိုင်သော အဆိုအမျိုး အစား မဟုတ်သောကြောင့် ပယ်ချလိုက်ခြင်းဟု လွှတ်တော်ရုံးက ပြောကြားခဲ့ကြောင်း ဒေါ်နန်းခမ်းအေးက ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်တွင် တင်သွင်းသည့်အဆိုတွင် အပစ်ရပ် လက်မှတ်မထိုးထားသည့် တိုင်းရင်းသားအဖွဲ့များကို အစိုးရက တစ်ပြိုင်နက်တွေ့ဆုံကာ တိုက်ပွဲရပ်ရေး အဖြေရှာရန်အဆိုနှင့် စက်တင်ဘာလ ၅ ရက်က ထပ်မံတင်သွင်းသည့်အဆိုတွင် ရှမ်းပြည်နယ် နမ္မတူမြို့တွင် လောလောဆယ်ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးလျှော့ချကာ ပြည်သူများကို အကာအကွယ်ပေးရန် တိုက်တွန်းကြောင်း အဆိုနှစ်ခု တင်သွင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံပြည်သူများ အကာအကွယ်မဲ့နေသည့်အတွက် ယင်းသို့ အဆိုတင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပယ်ချလိုက်သည့်အပေါ် ဝမ်းနည်းမိကြောင်း ဒေါ်နန်းခမ်းအေးက ပြောကြားသည်။

“ဒီအဆိုက ပြည်သူက တောင်းဆိုလို့ တင်သွင်းတာဖြစ်တဲ့အတွက် အခုလို ပယ်ချခံရတာ ဝမ်းနည်းမိပါတယ်။ ဘာမှတော့ မတတ်နိုင်တော့ဘူးပေါ့။ ဆွေးနွေးခွင့်မရဘူးလို့ ပြည်သူကို ပြန်ချပြသွားရမှာပေါ့” ဟု၎င်းက ဆို သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းလက်နက်ကိုင်များ ဖြစ်ကြသည့် တအာင်းပလောင်အဖွဲ့ TNLA/SSPP ပူးပေါင်းအဖွဲ့များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) အဖွဲ့များ၊ တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာ၊ ပန်ကိုင်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အဆိုပါဒေသခံ ရွာသားများအနေနှင့် သီပေါ၊ နမ္မတူ စသည့် နီးစပ်ရာမြို့များသို့ စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း နမ္မတူမြို့ခံ ပရဟိတအဖွဲ့များထံမှ သိရသည်။

လတ်တလောတွင် လွှတ်တော်အနေနှင့် ရှမ်းမြောက်လက်နက်ကိုင်တိုက်ပွဲများကို ဖြေရှင်းနိုင်မည့် အခြေအနေမရှိသဖြင့် ယင်းသို့ ပယ်ချလိုက်သည်ဟု မြင်မိပြီး ဒေသခံများအနေနှင့် တိုက်ပွဲများ ရပ်မည့်အချိန်ကို မျှော်လင့်နေရသည့်အခြေအနေ ဖြစ်နေကြောင်း သီပေါ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်းလင်းကျော်က ပြောကြားသည်။

“ဒေသခံတွေအတွက် အကာအကွယ်မဲ့နေတာတော့ အမှန်ပဲ။ ဘယ်အချိန်ဗုံးကျ မလဲမသိဘူး စိုးရိမ်နေတာ။ လွှတ်တော်အပြင် တပ်မတော်ကပါ ဒီအဖွဲ့တွေနဲ့ (မြောက်ပိုင်းလက်နက်ကိုင်များ) ညှိနှိုင်းဖို့ စိတ်ဝင်စားဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁ ရက်က တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA)  ၏ တရားဝင်သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် နမ္မတူမြို့နယ်အတွင်း TNLA/SSPP ပူးပေါင်းအဖွဲ့များက ယင်းဒေသသို့ ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) စခန်းများကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည့် တအာင်းပလောင် (TNLA)  နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် အပစ်ရပ် NCA ကို မထိုးရသေးသည့် အဖွဲ့များဖြစ်သည်။

J-08



  • VIA