News

POST TYPE

NEWS

ကိုယ်တစ်ပိုင်းပြတ် မွေးကင်းစ ကလေးအလောင်း အမှိုက်ပုံးတွင်တွေ့
07-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆ 

သုံးခွမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဗန္ဓုလလမ်း၊ သုသာန်အနီးရှိ အမှိုက်ပုံးအတွင်းတွင် စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မွေးကင်းစ ကလေးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

မွေးကင်းစကလေး အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် မွေးကင်းစ ကလေးတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်းကို ခွေးများကိုက်စားထားသဖြင့် မိန်းကလေး၊ ယောကျာ်းလေး ခွဲခြားမရကြောင်း၊ ယင်းမွေးကင်းစ ကလေးရုပ်အလောင်းကို ယင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ သုံးခွမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဘယ်နှရက် ဘယ်နှလလောက်လဲဆိုတာ ခန့်မှန်းလို့မရဘူး၊ ရပ်ကွက်ထဲကလူတွေ စတွေ့တာ၊ ရဲတပ်ဖွဲ့က သွားစစ်ဆေးတော့ ကြွပ်ကြွပ်အိတ်လေးနဲ့ ထုပ်ထားတာကို တွေ့ခဲ့ရတာပါ၊ ဘယ်သူလာပစ်သွားသလဲဆိုတာ သိရဖို့ စုံစမ်းရှာဖွေနေပါတယ်”ဟု သုံးခွမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ဩဂုတ်လ ၂၁ ရက် နံနက် ၈ နာရီခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်၊ ဘီဘလောက် (၂) လမ်းထိပ်ရှိ စည်ပင်သာယာအမှိုက်ပုံအတွင်းတွင် စွန့်ပစ်ခံထားရသည့် လသားအရွယ်ခန့်ရှိ မိန်းကလေးတစ်ဦး ရုပ်အလောင်းတွေ့ရှိမှု၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် ညနေ ၆ နာရီခန့်က တာမွေ မြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ နတ်ချောင်းအတွင်းတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ခံရသည့် မွေးကင်းစ ယောကျာ်း ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိမှု၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာနှင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရဲစုတောင် ကျေးရွာနယ်နိမိတ်ကြားရှိ ချောင်းရိုးအတွင်း အမှိုက်များကြားမှ မွေးကင်းစ ယောကျာ်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိမှုတို့မှာလည်း စွန့်ပစ်သွားသူကို ယနေ့ချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

J-16



  • VIA