News

POST TYPE

NEWS

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကြောင့် ကမ္ဘာတစ်လွှားရှိ အရွယ်ရောက်ပြီးသူများ ရောဂါဘယဖြစ်မည့်အန္တရာယ်ရှိဟု WHO သတိပေး
07-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၆

ကမ္ဘာတစ်လွှားရှိ အရွယ်ရောက်ပြီးသူ ၁ ဒသမ ၄ ဘီလီယံခန့်သည် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် ရောဂါဖြစ်မည့်အန္တရာယ် မြင့်တက်နေသည်ဟု Lancet ကျန်းမာရေးဂျာနယ်က ထုတ်ပြန်လိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်လွှားရှိအ မျိုးသားများနှင့် အမျိုးသမီးများအကြား ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာတိုးတက်မှု မရှိသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်လွှားရှိ အရွယ်ရောက်ပြီးသူ လေးပုံတစ်ပုံခန့်သည် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုမရှိခဲ့ဟု WHO မှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြောင်း Lancet ကျန်းမာရေးဂျာနယ်က ထုတ်ပြန်ခဲ့သည်။

အရွယ်ရောက်ပြီးသူတစ်ဦးအတွက် အလယ်အလတ် ကိုယ်လက်လှုပ်ရှားမှု အဆင့်မှာ တစ်ပတ်လျှင် မိနစ် ၁၅၀ ဖြစ်ပြီး ၂၀၁၆ အတွင်း အမျိုးသမီးသုံးဦးလျှင် တစ်ဦး၊ အမျိုးသားလေးဦးလျှင် တစ်ဦးသည် ထိုအဆင့်ကို ပြည့်မီခဲ့ခြင်းမရှိသောကြောင့် ကမ္ဘာ့အရွယ်ရောက် လူဦးရေလေးပုံတစ်ပုံသည် ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ စိတ်ရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်လာခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာတစ်လွှားရှိ ၁၆၈ နိုင်ငံမှ လူပေါင်း ၁ ဒသမ ၉ ဘီလီယံ၏ ကိုယ်လက်လှုပ်ရှားမှုအဆင့် ကိုယ်တိုင်အစီရင်ခံခြင်းကို အခြေပြုလေ့လာထားသော သုတေသနတွင် အလုပ်ခွင်၊ နေအိမ်၊ အားလပ်ချိန်နှင့် သွားလာနေချိန်များတွင် ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာကို လေ့လာထားသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား ပြုလုပ်ခဲ့သော သုတေသနတွင် ချမ်းသာသော တိုင်းပြည်များက ဆင်းရဲသော တိုင်းပြည်များထက် ကိုယ်လက်မလှုပ်ရှားမှု နှစ်ဆများကြောင်း တွေ့ရှိရပြီး ဝင်ငွေမြင့် သောဒေသများသည် ကိုယ်လက်မလှုပ်ရှားမှု ၅ ရာခိုင်နှုန်း မြင့်တက်နေသည်။

ကိုယ်လက်လှုပ်ရှားမှု မလုံလောက်သော တိုင်းပြည်များတွင် ဂျာမနီ၊ နယူးဇီလန်၊ အမေရိက၊ ယူကေ၊ အာဂျင်တီးနား၊ ဘရာဇီးတို့ ပါဝင်သည်။ အနောက်နိုင်ငံများ၏ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်မှုသည် ၂၀၀၁ တွင် ၃၁ ရာခိုင်နှုန်းမှ ၂၀၁၆ တွင် ၃၇ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်။

ငွေကြေးချမ်းသာသော နိုင်ငံများတွင် ကိုယ်လက်မလှုပ်ရှားမှု မြင့်တက်လာခြင်းမှာ သက်သာလွယ်ကူသော လူနေမှုဘဝများနှင့် နည်းပညာအထွေထွေ အသုံးပြုမှု မြင့်တက်လာမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ကိုယ်လက်လှုပ်ရှားမှု လျော့နည်းခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကျား/မ ကွာဟမှုဖြစ်ပြီး အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှလွဲလျှင် အမျိုးသမီးများသည် အမျိုးသားများလောက် ကိုယ်လက်လှုပ်ရှားမှု မရှိကြောင်း တွေ့ရှိရသည်။

လောလောဆယ်တွင် ၂၀၁၈ ဇွန်လအတွင်း WHO က ကမ္ဘာတစ်လွှား နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါနှင့် အဝလွန်ရောဂါကဲ့သို့သော မကူးစက်နိုင်သည့် ရောဂါများနှင့် တားဆီးရန် ရည်မှန်းကာ ၂၀၁၈- ၂၀၃၀ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ တစ်ကမ္ဘာလုံး စီမံချက်ကို ထုတ်ပြန်ထားသည်။ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းသည် လူထုကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး တစ်မျိုးသားလုံး အဆင့်အနေနှင့် ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ပညာရှင်များက ပြောကြားထားသည်။

WHO စီမံချက်တွင် အများပြည်သူ ဆိုင်ရာနေရာများ တိုးတက်စေခြင်း၊ ဖွံ့ဖြိုးစေခြင်းအားဖြင့် ပိုမိုလှုပ်ရှားသော လူ့အသိုင်းအဝိုင်းများကို ဖန်တီးပေးရန် အဓိကထားသည့် မူဝါဒဆိုင်ရာများပါဝင်သည်။ ပြည်သူများအား စက်ဘီးစီးခြင်း၊ ပြေးခြင်းတို့ကို အပြင်ဘက်တွင် လုပ်ဆောင်ကြစေရန် အားပေးရမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု အားပေးသော အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို အစိုးရများက ပံ့ပိုးကြရမည်ဟု အစီရင်ခံစာက ဆိုသည်။

အဆိုပါ ပြောင်းလဲမှုများမပြုလုပ်ပါက ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာသည့် တုန်လှုပ်ဖွယ်ကိစ္စသည် ယခုထက် ပိုမိုဆိုးရွားသော လူထုကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာမည်ဟု ဆိုသည်။ 

F-04



  • VIA