News

POST TYPE

NEWS

ကုန်သွယ်လိုငွေ ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်လျော့
06-Sep-2018 tagged as

ရန်ကုန်၊ စက်တင်ဘာ ၆

နှစ်စဉ်လိုငွေပြမှု မြင့်တက်နေသည့် မြန်မာ့ကုန်သွယ်မှု အခြေအနေသည် ယခုနှစ် ဧပြီလမှ ဩဂုတ်လကုန်ပိုင်းအထိ ကုန်သွယ်မှုလိုငွေပြမှုသည် ယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော် လျော့ကျကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ် ငါးလတာကာလအတွင်းက ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၂၂၀၀ ကျော်အထိရှိခဲ့ရာမှ ယခုနှစ်တွင် ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ နီးပါးသာရှိကြောင်း ယင်းဌာန၏ ကုန်သွယ်မှုကိန်းဂဏန်းများအရ သိရသည်။

ယခုနှစ်အတွင်း ကုန်သွယ်မှုလိုငွေ လျော့ကျသွားရခြင်းမှာ ပို့ကုန်ပမာဏ မြင့်တက်လာခြင်းအပါအဝင် သွင်းကုန်ပမာဏမှာလည်း ယခင်နှစ်များကကဲ့သို့ လွန်စွာ မြင့်တက်မနေခြင်းကြောင့်ဖြစ်သည်။

“ဆန်နဲ့ ပဲလို အဓိကပို့ကုန်တွေ ဒီနှစ်ထဲ လျော့သွားပေမယ့်လည်း CMP လို အထည်ချုပ်ကဏ္ဍက ပိုပို့လာနိုင်တဲ့အတွက် ကုန်သွယ်မှုလိုငွေက တစ်ဘီလီယံလောက်ပဲဖြစ်သွားတာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ယခုနှစ်အတွင်း ဒေါ်လာဈေး အဆမတန် မြင့်တက်နေခြင်းကြောင့် မလိုအပ်သည့် သွင်းကုန်များလျှော့ချရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနက လုပ်ဆောင်နေသကဲ့သို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ရေး လုပ်ဆောင်နေကြပြီး ကုန်သွယ်မှုလိုငွေများပြားပါက ငွေကြေးဖောင်းပွခြင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ဖြစ်ပေါ်စေကာ နိုင်ငံခြားငွေ တန်ဖိုးမြင့်တက်ခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်ပိုင်းအထိ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော်နှင့် သွင်းကုန် ဒေါ်လာသန်း ၇၂၀၀ ကျော်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် ကာလတူအတွင်း ပို့ကုန် ဒေါ်လာ သန်း ၆၆၀၀ ကျော်နှင့် သွင်းကုန် ဒေါ်လာသန်း ၇၇၀၀ ကျော်ရှိကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။

S-04

  • TAGS