News

POST TYPE

NEWS

မူဆယ်ပို့မည့် အင်ကြင်းကျောက်များ ကျောက်မဲတွင်ဖမ်းမိ
06-Sep-2018



မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးမှ မူဆယ်သို့ တရားမဝင်တင်ပို့မည့် အင်ကြင်းကျောက် အတုံး ၃၀၀ ကျော်ကို ကျောက်မဲမြို့ အိုရီယမ် တယ်တိုးဂိတ်တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းထံမှ သိရသည်။

“သယ်လာတဲ့ကျောက်တွေက ဆိုဒ်အစုံပဲ။ အတုံးသုံးရာကျော်တယ်။ နယ်အနှံ့ကလိုက်ဝယ်ပြီးတော့ မူဆယ်ဘက်ကိုပို့ရမှာလို့ ကနဦးစစ်ဆေးချက်အရ သိထားပါတယ်” ဟု ယင်းရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေခံရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေစဉ် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် ဗင်ကားတစ်စီးပေါ်၌ ထန်းခေါက်တောင်း ခုနစ်လုံးဖြင့် သယ်လာသည့် အင်ကြင်းကျောက် ၃၂၇ လုံးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းသို့အင်ကြင်းကျောက်များ တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးရာဇ (ခ) ဇကြီးနှင့် ယာဉ်ပေါ်ပါ ကိုမိုးရွှေနှင့် ယာဉ်နောက်လိုက် လွင်ထွန်းဦးတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၃၅၆/၂၀၁၈ မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အင်ကြင်းကျောက်များသည် မြန်မာနိုင်ငံအလယ်ပိုင်း နွားထိုးကြီးနှင့် ဝန်းကျင်မြို့တို့တွင် အမြောက်အမြား ထွက်ရှိပြီး ယင်းမြို့များကိုအခြေပြု၍ ကျောက်လုပ်ငန်းများကို လုပ်ကိုင်ကြကာ တရုတ်ပြည် နယ်စပ်မြို့များဖြစ်သည့် ကြယ်ခေါင်နှင့် ရွှေလီမြို့တို့သို့ ပို့ဆောင်ရောင်းချလေ့ရှိသည်။

M-04