News

POST TYPE

NEWS

ဆွာချောင်းတမံကျိုးခြင်းကြောင့် နေအိမ် ၁၈၀ ကျော်ပျက်စီး
06-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့၏ အနောက်ဘက် သိုင်းချောင်းကျေးရွာအနီး ဆွာချောင်းတမံ ကျိုးပေါက်ပျက်စီးခဲ့ခြင်းကြောင့် လူနေအိမ် ၁၈၅ လုံး ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ စောညိုဝင်းက ပြောကြားသည်။

“ပျက်စီးဆုံးရှုံးခဲ့တဲ့ လူနေအိမ်တွေကို တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေနဲ့ ပြည်ထောင်စုအစိုးရက ထောက်ပံ့ပေးမှာဖြစ်သလို ပြင်ပအလှူရှင်တွေက လှူချင်တယ်ဆိုရင်လည်း တိုက်ရိုက်ချိတ်ဆက်ပေးပါမယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တမံကျိုး၍ ဆွာနှင့် ရေတာရှည်မြို့နယ်များမှ အိမ် ၃၂၂ လုံးထိခိုက် ပျက်စီးခဲ့သည့်အနက် ၁၈၅ လုံးမှာ ရေနှင့် မျောပါပျက်စီးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ကျပ် ၈၈၀ ကျော် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီ ခန့်က အနှစ် ၂၀ ကျော်သက်တမ်းရှိသည့် ဆွာချောင်းတမံရေထိန်း တံခါးကျိုးပေါက်ခဲ့သည့်အတွက် ဆည်အောက်ဘက်ရှိ ကျေးရွာများမှ လူဦးရေ ခြောက်သောင်းကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည့်အပြင် စစ်တောင်းမြစ်ရေမြင့်တက်ခြင်းကို ထပ်မံရင်ဆိုင်ခဲ့ရသည့်အတွက် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်များမှ လူဦးရေ ၃၄၀,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၈၅ ခု ဖွင့်လှစ်ကူညီပေးခဲ့ရကာ လူငါးဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

R-15