News

POST TYPE

NEWS

မြန်မာ့အမြင့်ဆုံးတံတားကို ဂုတ်ထိပ်တံတားဘေးတွင် တည်ဆောက်မည်
06-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၅

ကမ္ဘာကျော်ဂုတ်ထိပ်တံတားဘေးရှိ ၆၉၆ မီတာအကွာ၌ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတံတားဖြစ်လာမည့် ဂုတ်တွင်းတံတားသစ်ကို အမြန်ဆုံးဆောက်လုပ်ရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၄) မှ ဦးစိုင်းအုန်းကျော်က “ကျောက်မဲခရိုင်အတွင်းရှိ နောင်ချို မြို့ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်းတံတားသစ်ချဉ်းကပ် လမ်းစီမံကိန်းကို သိလိုကြောင်း” မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတံတားကို မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မတည်ဆောက်ဖူးသေးသည့် Balanced Cantilever Method ကို Cable Stayed နှင့် ပေါင်းစပ်တည်ဆောက်မည်ဖြစ်ပြီး တံတားတိုင်၏ အမြင့်ပေမှာ ပျမ်းမျှ ပေ ၆၀၀ ခန့်ရှိမည်ဖြစ်သောကြောင့် ဂုတ်ထိပ်တံတားကိုယှဉ်တွဲမြင်ရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

တံတားအပါအဝင် နောင်ချိုမြို့ ရှောင်လမ်းကို တွဲဖက်ဆောက်လုပ်မည်ဖြစ်ပြီး Oriental Highway ကုမ္ပဏီက BOT စနစ်ဖြင့် စိုက်ထုတ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ကုန်ကျငွေမှာ ခန့်မှန်းချေ မြန်မာကျပ် ၄၀ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၁၂၀ ဒသမ ၇၇ သန်း သုံးစွဲသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆောက်လုပ်မည့် လမ်းနှင့်တံတားအတွက် မြေဧရိယာ ၄၄၉ ဒသမ ၇၃ ဧက တွင် ၃၆ ဒသမ ၃၅ ဧကသည် အစိုးရအဖွဲ့ အစည်းပိုင်မြေဖြစ်သည့်အတွက် လျော်ကြေးပေးရန်မလိုကြောင်း၊ ကျန်မြေဧကများတွင် ပိုင်ဆိုင်သော တောင်သူ ၂၂၁ ဦးအတွက် မြေလျော်ကြေး ကျပ် ၄ ဒသမ ၄၁၇ ဘီလီယံကို ပေးလျော်ထားပြီးဖြစ်သော်လည်း ဆောက်လုပ်မှုကို လက်မခံသော တောင်သူ ၆၂ ဦးအတွက် မြေယာလျော်ကြေးငွေ လက်ခံနိုင်ရန် ညှိနှိုင်းလုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းတောင်သူ ၆၂ ဦးကို မြေယာလျော်ကြေးလက်ခံနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဖျောင်းဖျပေးစေလိုပြီး လျော်ကြေးငွေလက်ခံပြီးပါက ၃ နှစ်ခွဲအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေပေးချေရန် ညှိနှိုင်းမရပါက ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေနှင့်အညီ ဆက်လုပ်ဆောင်ခွင့်ပြုရေးကိုလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း ဦးကျော်လင်းက ဆိုသည်။

တံတားပြီးစီးပါက ကမ္ဘာလှည့်ခရီး သွားများကို ဆွဲဆောင်နိုင်သည့်လမ်းကြောင်း ဖြစ်လာခြင်း၊ ဂုတ်တွင်းလမ်း အတက်အဆင်းတွင် ကားငယ်များအတွက် ၄၅ မိနစ်နှင့် ကားကြီးများအတွက် ၁ နာရီခွဲခန့်အချိန် တိုတောင်းစွာ ဖြတ်သန်းနိုင်ခြင်း၊ ကားတစ်စီးပျက်နေလျှင် အခြားကားများ ပိတ်မိနေခြင်းမှ ကင်းလွတ်သွားခြင်း စသည့်အားသာချက်များ ရရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထပ်လောင်းပြောကြားသည်။

S-01