News

POST TYPE

NEWS

ရန်ကုန်-ပုသိမ်လမ်းမကြီး လမ်းကြေးကောက်ခံမှု ရပ်ဆိုင်း
05-Sep-2018


ပုသိမ်၊ စက်တင်ဘာ ၄

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကို အဓိကဆက်သွယ်ထားသည့် ရန်ကုန်-ပုသိမ်လမ်းမကြီး၌ လမ်းကြေးကောက်ခံမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

လတ်တလောအဆိုပါလမ်းရှိ ပျက်စီးနေမှုများကို လမ်းဦးစီးဌာနမှ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအစိုးရအဖွဲ့ထံမှ သိရသည်။

“ADB ချေးငွေနဲ့ပြုပြင် အဆင့်မြှင့်တင်ဖို့ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပြီးသားဖြစ်ပါတယ်၊ အခုလမ်းကြေး မကောက်တော့ဘူး၊ လမ်းဦးစီးက အဖွဲ့ ၉ ဖွဲ့ခွဲပြီး လမ်းတွေကို ပြည်ထောင်စုအစီအစဉ်နဲ့ ပြုပြင်မယ်ဆိုတာကလည်း ADB ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ 

အဆိုပါလမ်းကို ပြုပြင်ရန်အတွက် ADB (အာရှဖွံ့ဖြိုးရေးဘဏ်) ချေးငွေဖြင့် လုပ်ငန်းစတင်မည်ဖြစ်၍ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီထံမှ လုပ်ငန်းများ ပြန်သိမ်းလိုက်ပြီး ထိုလမ်းမကြီးမှ လမ်းအသုံးပြုခများကို လမ်းကြီးပြီးဆုံးသည်အထိ မကောက်ခံတော့သော်လည်း ယင်းလမ်းပိုင်းရှိတံတားကြေးများကိုမူ ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“လမ်းကြေး ကောက်ခံမှုကိုတော့ ရပ်လိုက်ပါပြီ၊ လှိုင်သာယာရယ်၊ ဗိုလ်မြတ်ထွန်းရယ်၊ ကျောင်းကုန်းရယ်၊ ကိုးဆူရယ် အဲဒီတိုးဂိတ်တွေမှာပေါ့၊ ဌာနဆိုင်ရာရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ တံတားတွေကိုတော့ ဆက်လက်ကောက်ခံသွားမှာပါ၊ အရင်နှုန်းအတိုင်းပါပဲ၊ လမ်းကြေးမကောက်တော့ပေမယ့် ဂိတ်တွေကိုတော့ ဒီအတိုင်းပဲ ထားဦးမှာပါ”ဟု BOT ရရှိထားသည့် အိုရီရမ်တယ် ဟိုက်ဝေးကုမ္ပဏီမှ ရန်ကုန်-ပုသိမ်လမ်း စီမံကိန်းမန်နေဂျာ ဦးအောင်ကိုလေးက The Voice သတင်းစာသို့ ပြောကြားသည်။

လတ်တလော လမ်းပျက်စီးမှုများကြောင့် ယခင်က ညောင်တုန်းမှ ရန်ကုန်သို့ သွားမည်ဆိုပါက အချိန်တစ်နာရီခန့်သာ ကြာမြင့်ခဲ့ရာမှ ယခုအခါ လမ်းမကောင်းသည့်အတွက် ၂ နာရီခန့် ကြာမြင့်ကြောင်း ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

“ကျွန်တော်တို့က လမ်းအဆင့်မြှင့်တာ၊ မမြှင့်တာတွေ နောက်မှာထား၊ လမ်းမကြီးက အခုတော်တော်ပျက်စီးနေပြီ၊ လမ်းဦးစီးက တာဝန်ယူပြင်ပေးမယ်၊ လမ်းကြေးတွေလည်း မကောက်တော့ဘူးဆိုတော့ ဝမ်းသာတယ်၊ မြန်မြန်သာပြင်ပေးကြပါဗျာ၊ ကျွန်တော်တို့တွေ ကားမောင်းရတာ တော်တော်ကို ဒုက္ခရောက်လွန်းလို့ပါ”ဟု ပုသိမ်မြို့မှ ကုန်ကားယာဉ်မောင်းတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီးမှ လမ်းအသုံးပြုခကို အိမ်စီးကားများကို ရန်ကုန်မှ ပုသိမ်သို့အသွား ကျပ် ၁၆၀၀ ခန့်နှင့် အပြန် ကျပ် ၁၆၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ကုန်တင်ကားများအနေနှင့် တင်ဆောင်သည့် အလေးချိန်အလိုက်ပေးဆောင်ရကြောင်း ယာဉ်မောင်းများထံမှသိရသည်။ 

R-11


  • VIA