News

POST TYPE

NEWS

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်၊ ရိုက်တာသတင်းထောက် ၂ ဦး ထောင်ချခံရမှု ခရီးစဉ်တွင် ဆွေးနွေးမည်
05-Sep-2018
လန်ဒန် - ရန်ကုန်၊ စက်တင်ဘာ ၄

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်နေပြီး ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချလိုက်မှုအား ယင်းခရီးစဉ်အတွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြသည်။

မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့က ရိုက်တာသတင်းထောက်များဖြစ်သော ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်မှုအပေါ် အနောက်နိုင်ငံအများစုသာမက ဥရောပ သမဂ္ဂအပါအဝင် မီဒီယာနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားလျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြပြီး ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့အတူ မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းများနှင့်ပတ်သက်၍လည်း များစွာမေးခွန်းထုတ်ခဲ့ကြသည်။

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဆာမေကလည်း အမြန်ဆုံးပြန်လွှတ်ပေးသင့်သည်ဟု မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ ပြောရေးဆိုခွင့်ရှိသူက “ဒီလိုမျိုး တရားစီရင်မှု၊ ပြစ်ဒဏ်ပေးမှုနဲ့ပတ်သက်ပြီး ကျွန်မတို့ အင်မတန်စိတ်ပျက်မိပါတယ်။ သတင်းထောက်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်”ဟု ပြောကြားသည်။

မည်သည့် ဒီမိုကရေစီနိုင်ငံရေးစနစ်တွင်မဆို သတင်းစာဆရာများအနေနှင့် ထိတ်လန့်ကြောက်ရွံ့မှု၊ ခြိမ်းခြောက်မှုတို့ကင်းရှင်းစွာဖြင့် ၎င်းတို့၏ အလုပ်ကို လုပ်ကိုင်ခွင့်ရကြရမည်ဖြစ်သည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသ့ည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က “မျိုချလို့ မရနိုင်တဲ့ အမှန်တရားတွေကို ရေးသားဖော်ထုတ်တဲ့ သတင်းစာဆရာတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။ တကယ်ပြောရရင် လူတိုင်းလူတိုင်းရဲ့ လွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်ရာရောက်ပါတယ်”ဟု ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြသည်။

“လာမယ့် မြန်မာပြည်ခရီးစဉ်မှာ အဲဒီ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့အမှုကိစ္စကို အလေးအနက်ထားပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်”ဟု ဆက်လက်ဖော်ပြသည်။ 

F-01


  • VIA