News

POST TYPE

NEWS

ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
04-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၄

မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ယခုအခါ မိုးနှောင်းကာလသို့ ရောက်ရှိ လာသော်လည်း လေဖိအားနည်းရပ်ဝန်းများ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာပါက မုတ်သုံလေအား ရုတ်တရက် လျော့ကျခြင်းမဖြစ်နိုင်သည့်အတွက် မိုးအားမှာလည်း မလျော့နိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“မိုးနှောင်းကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်တာ၊ မိုးထစ်ချုန်းမှုများတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်တတ်တဲ့ကာလ ဖြစ်တယ်။ အောက်ပိုင်းဒေသတွေမှာလည်း နေ့စဉ်မိုးရေချိန် လက်မဝက်အထက် ရွာဖို့ ရာခိုင်နှုန်းများပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် နောက်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပြီး ဒေသအလိုက် မိုးရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

E-03