News

POST TYPE

NEWS

လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား ပြင်မည်
ပုသိမ်၊ စက်တင်ဘာ ၃

ဧရာဝတီတိုင်း လပွတ္တာနှင့် မြောင်းမြ မြို့နယ်အစပ်ရှိ ၁၉၉၈ ခုနှစ်က တည်ဆောက်ထားသည့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားကို အသစ်ပြန်လည် ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်အောင် တံတားအသစ် တည်ဆောက်မယ်ဆိုရင် ကာလအကြာကြီး တည်ဆောက်ရမယ်၊ ကုန်ကျစရိတ်များမယ်၊ ဒါကြောင့်မို့လို့ လက်ရှိကြိုးတံတားကို ပြန်လည် ပြုပြင်တည်ဆောက်သွားမှာပါ၊ တစ်နှစ်လောက်တော့ ကြာမယ်လို့သိရပါတယ်၊ ပြည်ထောင်စု ဘတ်ဂျက်နဲ့ပါ”ဟု ဝန်ကြီးက ရှင်းပြပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း ခံနိုင်ဝန် ၁၈ တန်မှ ၁၀ တန်သို့ လျှော့ချထားရသည့် ရွှေလောင်းတံတား၊ ခံနိုင်ဝန် တန်၂၀ မှ ၁၀ တန်သို့ လျှော့ချထားရသည့် ဝါးခယ်မ တံတား၊ ခံနိုင်ဝန် ၁၆ တန်မှ ၁၃ တန်သို့ လျှော့ချထားရသည့် ကျွန်းကုန်းတံတား၊ ခံနိုင်ဝန် ၂၀ တန်မှ ၁၄ တန်သို့ လျှော့ချထားရသည့် လပွတ္တာ (ပင်လယ်လေး) တံတားတို့မှာ အဆင့်မြှင့်တင်ရမည့် ကြိုးတံတားများဖြစ်ပြီး ပထမဆုံးအနေဖြင့် ပင်လယ်လေးတံတားကို ပြုပြင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါတံတားကို ပြုပြင်ရာတွင် လက်ရှိကြိုးတံတားကို ကမ်းနှစ်ဖက်မှ ရေလယ်တိုင်များ ထည့်သွင်းတည်ဆောက်မည်ဖြစ်ရာ ကရိန်းရေယာဉ်များ အသုံးပြုရမည်ဖြစ်ပြီး တံတားတည်ဆောက်နေစဉ် ကာလအတွင်း တံတားပေါ်မှ ယာဉ်ဖြတ်သန်းခွင့်မပြုတော့ဘဲ ပြည်သူများ၏ သွားလာမှု လွယ်ကူစေရေးအတွက် ဇက် ရေယာဉ်ဖြင့်သာ သွားလာခွင့်ပြုရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“လပွတ္တာနဲ့ ပြင်ပမြို့တွေနဲ့ ဆက်သွယ်တာဆို ကားလမ်းအနေနဲ့ ဒီတစ်လမ်းပဲ ရှိတာလေ၊ မြောင်းမြတံတားနေရာမှာလည်း ဇက်ကူးနေရတယ်၊ ခုတစ်ခါ ပင်လယ်လေးတံတားကို ပြင်နေတုန်းမှာ ဇက်ထပ် ကူးရမယ်ဆိုရင် လပွတ္တာက ရန်ကုန်ကို သွားချင်ရင်ဖြစ်ဖြစ်၊ ပုသိမ်သွားချင်ရင်ဖြစ်ဖြစ် ဇက် ၂ ဆင့်ကူးရမယ့်သဘောဖြစ်နေတယ်၊ ရန်ကုန်ပို့ရတဲ့လူနာတွေ၊ လပွတ္တာကိုဝင်လာမယ့် ကုန်စည်တွေအတွက်တော့ တော်တော်လေး အခက်အခဲ ဖြစ်သွားနိုင်ပါတယ်”ဟု လပွတ္တာမြို့မှ လူမှုကူညီရေးပရဟိတအဖွဲ့ဝင် ဦးအောင်ကောင်းခန့်က ပြောဆိုသည်။  

R-11